မုံရွာမြို့က ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပစ်သတ်သူတွေကို NUG တရားစွဲထား

သြဂုတ်၊ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မီးဖွားကာနီး အမျိုးသမီးတဦးကို ဓားပြတိုုက်ပစ်သတ်ခဲ့သူ ခုနှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတရားရုံးမှာ အမှုဖွွင့်ထားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သြဂုတ်လ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်၊ ညနေ သုံးနာရီခန်မှာ မုံရွာမြို့နယ်၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်၊ နယ်မြေ(၄) မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် မအေးငြိမ်းသူကို ဓားပြတိုက်ကာ လုပ်သေနတ်နဲ့ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ မအေးငြိမ်းသူဟာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်က မင်္ဂလာဆောင်ခဲ့ပြီး သြဂုတ်လ ၁၃ ရက်မှာ သားယောက်ကျားလေးမွေးဖွားတော့မဲ့ဆဲဆဲဖြစ်သလို ပစ်ခတ်မှုကြောင့် မိခင်ကော ကလေးပါ သေဆုံးခဲ့ရတာပါ။

အနုကြမ်းစီးသူ ခြောက်ဦးဟာ မအေးငြိမ်းသူကို ပစ်သတ်ပြီး ဆိုင်ကယ်နဲ့ဖုန်းနှစ်လုံးယူဆောင်ထွက်ပြေးသွားခဲ့ပေမယ့် မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က အဲဒီခြောက်ဦးအပါအဝင်ကျူးလွန်ရာမှာပူးပေါင်းပါဝင်သူ ခုနှစ်ဦးကို အဲဒီနေ့မှာပဲဖမ်းဆီးရမိခဲ့ပါတယ်။

ကျူးလွန်သူတွေဟာ ကျွဲကြီး (ခေါ်) ဘိုငွေ အပါအဝင် ပြုံးကြီး (ခေါ်) ကျော်စိုးထွန်း၊ အောင်ကြီး (ခေါ်) အောင်မြင့်ခိုင်၊ ဘဂျမ်း (ခေါ်) ကျော်သူစံ၊ တက်တူး (ခ) မိုးမင်းထက်၊ ကရင် (ခေါ်) အောင်ဆန်းဦးနဲ့ ကျားလေး (ခေါ်) ဝင်းမင်းထက်တို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလူသတ်ဓားပြတိုက်မှုကျူးလွန်တဲ့ ခုနှစ်ဦးကိုမြို့နယ်(ပလဖ)က အမှုတည်ဆောက်ပြီး  NUG လက်အောက်ခံတရားရုံးမှာရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၆/၃၉၇ အရအမှုအမှတ် ၂၉/၂၀၂၃ နဲ့ အရေးယူထားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ သြဂုတ်လ ၁၀ ရက်က ဓားပြတွေရဲ့ ပစ်သတ်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူရဲ့ ဈာပနအခမ်းအနားကို သြဂုတ်လ ၁၂ ရက်က မှာပြုလုပ်ခဲ့စဉ်။