ရွှေစျေးတသိန်းကျော်ပြန်တက်ပြီး တကျပ်သား ၃၈ သိန်းကျော်ပြန်ဖြစ်လာ

သြဂုတ်၊ ၂၃

ပြည်တွင်း ရွှေဈေးဟာ  သြဂုတ်လ ၂ ၂ ရက်မနေ့က တကျပ်သားကို  ၃၇ သိန်းကျပ်ထိ ဈေးနှုန်းကျဆင်းခဲ့ရာကနေ သြဂုတ်လ ၂၃ ရက်ဒီနေ့မှာတော့ တကျပ်သားကို ကျပ်တသိန်း ကျော်မြင့်တက်လာပြီး ၃၈ သိန်းကျော်ရှိလာတယ်လို့ရန်ကုန်မြို့က ရွှေကုန်သည်တွေဆီက သိရပါတယ်။

“ အရင်ရက်ကဈေးကျတယ်ဆိုတာ ဒေါ်လာဈေးကျသွားတာကို။ လက်ရှိကတော့ ကမ္ဘာ့ရွှေဈေးပြန်တက်လာတော့ဒေါ်လာလည်းတက်လာတယ်။ ရွှေကလည်းလိုက်တက်တယ်လေ ။ဈေးကွက်ကတော့ အဝယ်လိုက်နေတယ် “ လို့ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမှာ ရှိတဲ့ရွှေကုန်သည်တဦးကပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းပြန်တက်လာတာဟာ အမေရိကန်ဒေါ်လာဈေးပြန်လည်မြင့်တက်လာတာနဲ့ ကမ႓ာ့ရွှေဈေးမြင့်လာတာတွေကြောင့်ဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့ရွှေ တအောင်စ ၁,၉၀၂ ဒေါ်အထိ မြင့်တက်နေပြီး ပြည်တွင်းရွှေတကျပ်သားကို ၃,၈၅၀,၀၀၀  ကျပ်စျေးပေါက်နေတာပါ။

 ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်က အခေါက်ရွှေတကျပ်သား ၃,၇၂၀,၀၀၀ ကျပ်အထိကျဆင်းခဲ့ပေမယ့် အရောင်းအဝယ်အေးခဲ့ပြီး အခု ကျပ်တသိန်းကျော်ပြန်တက်ပေမယ့် အဝယ်လိုက်နေကာ ဒီထက်ပိုဈေးမြင့်တက်လာနိုင်တယ် ရွှေကုန်သည်တွေက ပြောဆိုနေကြပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က တော့ အကယ်ဒမီး မီးလင်းရွှေ တကျပ်သားကို ၂,၂၄၃,၁၀၀ ကျပ်သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာ တော့ ၃၈ သိန်းကျော်ပေါက်ဈေးရှိနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရွှေကုန်သည်တွေ ကို နေ့စဉ်နဲ့အမျှ ဖမ်းဆီးနေတာတွေ လုပ်ဆောင်နေတယ်လို့ ရွှေကုန်သည် အသိုင်းအဝိုင်းကနေသိရပါတယ်။

သြဂုတ်လ ၂၂ ရက်မနေ့က အခေါက်ရွှေတကျပ်သားကို ၃,၇၀၀,၀၀၀ ကျပ်၊အမေရိကန် တဒေါ်လာကို  ၃,၆၇၈ ကျပ် ၊တယူရို ၃,၉၀၅ ကျပ်၊စင်္ကာပူ တဒေါ်လာကို ၂,၇၅၆ကျပ်နဲက ထိုင်းတဘတ်ကို ၁၀၁ ကျပ်ထိဈေးရှိခဲ့တာပါ။

ဒါပေမယ့် ဒီနေ့မှာတော့     အခေါက်ရွှေတကျပ်သားကို ၃,၈၅၀,၀၀၀ ကျပ်၊ အမေရိကန် တဒေါ်လာ ၃,၇၄၀ ကျပ်၊ တယူရို ၄,၁၃၅ ကျပ်၊ စကာပူတဒေါ်လာ ကို ၂,၇၅၆ ကျပ်၊ ထိုင်း တဘတ်ကို ၁၀၇ ကျပ်အထိ ဈေးပြန်လည်မြင့်တက်ခဲ့ပြီး အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်တယ်လို့ဈေးကွက်အတွင်းကသိရပါတယ်။