ထိုင်းကို ပြန်ရောက်လာပြီးတဲ့နောက် ဆေးရုံတက်နေရတဲ့ သက်ဆင်

သြဂုတ်၊ ၂၃

ထိုင်းနိုင်ငံကို ပြန်လာပြီးတဲ့နောက် ဖမ်းဆီး ထောင်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ နောက်တနေ့မှာပဲ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။

၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်း ဖယ်ရှားတာကို ခံခဲ့ရတဲ့နောက် ၂ နှစ်အကြာမှာ ပြည်ပကို ထွက်ခွာသွားခဲ့တဲ့ သက်ဆင်ဟာ ဩဂုတ် ၂၂ ရက်မှာတော့ ဘန်ကောက်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် သူပြည်ပကို ရောက်ရှိနေချိန် အတောအတွင်း ထိုင်းတရားရုံးချုပ်က ချမှတ်ထားတဲ့ အာဏာ အလွဲသုံးစား ပြုမှုနဲ့ အကျိုးစီးပွား ရောယှက်မှုဆိုင်ရာ ပြစ်ဒဏ် စီရင်ချက်တွေကို လိုက်နာပြီး ဘန်ကောက်မြို့တော်က အဓိက အကျဉ်းထောင်ကြီးမှာ အကျဉ်းကျ ခံခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၇၄ နှစ်အရွယ် သက်ဆင်ရဲ့ ကျန်းမာရေး အခြေအနေဟာ အကောင်းဆုံး အဆင့်မျိုးမှာ မရှိဘူးလို့ ထောင်အာဏာပိုင်တွေက သတ်မှတ်ပြီး ထောင်ရဲ့ ကုသဆောင်မှာပဲ ထားရှိခဲ့ပါတယ်။ တညအိပ်ပြီး နောက်တနေ့မှာတော့ သက်ဆင်ကို ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်စေပြီး ဆေးရုံတင်ထားလိုက်တာ ဖြစ်ပါတယ်။

ထိုင်းအကျဉ်းဦးစီး ဌာနရဲ့ အစောပိုင်း ထုတ်ပြန်ချက်အရ သက်ဆင်ရဲ့ နှလုံး၊ အဆုတ်၊ ကျောရိုးမကြီးနဲ့ သွေးတိုးမှု အခြေအနေတွေကို အချိန်ပြည့် စောင့်ကြည့်ဖို့ လိုအပ်ကြောင်း သိရပါတယ်။ ဆေးရုံ တက်နေတဲ့ သက်ဆင်ရဲ့ လက်ရှိ ကျန်းမာရေး ဘယ်လိုရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ထောင်ရဲ့ ကုသဆောင်က တာဝန်ရှိသူတွေဟာ ထိုင်းရဲတပ်ဖွဲ့ ဆေးရုံဆီ သက်ဆင်ကို လွှဲပြောင်းမပေးခင် ကျွမ်းကျင် ကျန်းမာရေး ပညာရှင်တွေကို ဖိတ်ခေါ်ပြီး အကြံပြုချက် ရယူခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ပရက်ချက်ဘ် ဝုန်ဆွတ်က ထောင်ရဲ့ ကုသဆောင်မှာ သက်ဆင်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ထိထိရောက်ရောက် ကိုင်တွယ် တာဝန်ယူပေးနိုင်မယ့် ကျန်းမာရေး ဝန်ထမ်းနဲ့ စက်ကိရိယာတွေ လုံလောက်မှု မရှိဘူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံရေး စောင့်ကြည့်လေ့လာသူ အများစုကတော့ သက်ဆင်ဟာ ၁၅ နှစ်ကြာ ပြည်ပကို တိမ်းရှောင်နေရာက ဇာတိနိုင်ငံ ပြန်လာချိန်မှာ သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့်ရအောင် ကြိုတင် အပေးအယူလုပ် ညှိနှိုင်းထားပြီး ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ပူတင်ရော၊ လက်ရှိမှာ ထိုင်းအစိုးရသစ်ကို ဦးဆောင်တော့မယ့် သူ့ရဲ့ ဖျူထိုင်းပါတီ (PTP)ကပါ အဲဒီ ထင်ကြေး သုံးသပ်ချက်တွေကို ပယ်ချထားပါတယ်။

 

Ref: Reuters