ဂန့်ဂေါက စစ်ကောင်စီစခန်းကုန်းတခုကို တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးတယ်လို့ YDF ပြော

သြဂုတ်၊ ၂၂

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အရှေ့ပိုင်း ကျောမြို့က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲနေထိုင်ရာ စိုးမိုးကုန်းကို မနေ့က ဝင် ရောက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ယော ကာကွယ်ရေးတပ် ပြန်ကြားရေးအဖွဲ့ဝင်တဦးက DNAကိုပြောပါတယ်။

“ကျွန်တော်တို့ မျက်မြင်က သုံးယောက်ပါ၊ တခြားထိခိုက်ဒဏ်ရာရတာတွေလည်း ရှိပါတယ်၊ တိုက်ရိုက်မမြင်ရဘဲနဲ့ မှန်းပြီးဖော်ပြတာမျိုး မပါဘူး၊အဲဒီလိုမျိုးလည်း ရမ်းပြီး မဖော်ပြချင်လို့ပါ၊အဲဒါကြောင့် သူတို့(စစ်ကောင်စီ)ဘက်က သုံးဦးကျတာပါ” လို့ သူကပြောပါတယ်။

ဂန့်ဂေါမြို့နယ်အရှေ့ပိုင်း ကျောမြို့အခြေစိုက် ကစ(၂၃)အတွက် စစ်ရေးဗျူဟာအရ အချက်အခါကျတဲ့ စိုးမိုးကုန်း ကို မနေ့က မနက်ကိုးနာရီလောက်မှာယောကာကွယ်ရေးတပ် (YDF)ယောနကစစ်ကြောင်းက ဝင်ရောက် တိုက် ခိုက်ခဲ့တာလို့ YDF ကထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တပ်ဖွဲ့ဝင်တွေ မိနစ်နှစ်ဆယ်လောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က လက်နက်ကြီး တွေပစ်ခတ်ကာဆုတ်ခွာသွားတာကြောင့် စိုးမိုးကုန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ YDF ထုတ်ပြန်ချက်မှာဖော်ပြ ထား ပါတယ်။

“ဝင်ပြီး ကျားထိုးတဲ့ အချိန်မှာ အားလုံးက ထွက်ပြေးပြီးတော့ ကျန်တဲ့သူတွေကိုပဲပစ်ထည့်လိုက်တာဆို တော့လေ၊ ပစ်ခတ်မှု ဖြစ်သွားတာပေါ့နော်၊စခန်းကိုတော့ သိမ်းပိုက်နိုင်ခဲ့ပါတယ်” လို့ YDF ပြန်ကြားရေးအဖွဲ့ဝင်က ပြောပါ တယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဟာ စစ်ကောင်စီရဲ့ ကပစ(၂၃)နဲ့ နှစ်မိုင်အကွာမှာတည်ရှိပြီး စခန်းကုန်းမှာတော့ ဗိုလ်ကြီး နှစ်ဦး၊ ခွဲတပ်ကြပ်ကြီးတဦး၊ တပ်ကြီးကြီးငါးဦးအပါအဝင် တပ်ခွဲတခွဲလောက်က တပ်စွဲထားကြောင်းတိုက်ပွဲ အ တွင်း သိမ်းဆည်းရရှိတဲ့  ဖုန်းထဲကနေ သိရတယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်ကြီး သီဟာအောင်အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ကထိခိုက်ဒဏ်ရာရတာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဆီကနေ ရိုင်ဖယ်သေနတ်နှစ်လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည် (၃၄၃)တောင့်နဲ့ ဆက်စပ် ပစ္စည်း တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စခန်းသိမ်းတိုက်ပွဲပြီးတဲ့ ညပိုင်းမှာတော့ လက်နက်ကြီးတွေ ပစ်တာတော့ ရှိတယ်၊ အဲနောက်ပိုင်းတော့ ဘာအ သံမှ မကြားရတော့ဘူး၊ အခုလည်း ဒီဘက်ကတော့ စစ်ရေးအခြေအနေ ဒီတောအတွင်းတော့ နည်းနည်းငြိမ် နေ တယ်လို့ ပြောလို့ ရတယ်” လို့ ယောကာကွယ်ရေးတပ် ပြန်ကြားရေးအဖွဲ့ဝင်က ပြောပါတယ်။