ကနီနယ်မှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်စိပ်မှူးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိ

သြဂုတ်၊ ၂၂
 
စစ်ကိုင်းတိုင်း ကနီမြို့နယ် နွားခြံကုန်းကျေးရွာ အနီးမှာ အခုလ ၁၉ ရက်နဲ့ ၂၀ ရက်တို့က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်စိပ်မှူး တဦးကို ဖမ်းမိထားတယ်လို့ ဗျတ္တညီနောင် အဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
“ တိုက်ပွဲဖြစ်ပြီး ထိသွားတော့ ပြန်ဆုတ်ရင်း နောက်ဆုံး မခေါ်နိုင်မှ ပစ်ထားခဲ့တာထင်တယ်၊ လူတော့ ထားခဲ့ပြီး သေနတ်တော့ ပြန်သယ်သွားတဲ့သဘောပါ၊ အခု ဖမ်းဆီးရထားတဲ့သူလည်း ဒဏ်ရာရထားလို့ မသေအောင် ဆေးကုပေးနေရတယ်၊ သွေးထွက်လွန်နေတာ ” လို့ သူကပြောပါတယ်။
 
ကနီနယ် နွားခြံကုန်းရွာကို စစ်ကောင်စီတပ်တွေက အင်အားငါးဆယ်လောက်နဲ့ ဩဂုတ် ၁၈ ရက်မှာ စတင်ဝင်ရောက်ခဲ့ပြီး နောက်တရက်မှာ တနေ့ကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သလို ၂၀ ရက်နေ့မှာတော့ အထိနာပြီး ပြန်ဆုတ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲထပ်ဖြစ်လို့ တဦးသေဆုံးပြီး တဦးဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
 
“ ၁၉ ရက်နေ့မှာ တိုက်ပွဲက တနေ့ကုန်ဖြစ်တာ၊ အဲဒီမှာလည်း သူတို့ဘက်က တော်တော်လေးထိသွားတယ်၊ အကျဆုံးအရေတွက်သာ မသိရတာ၊ သူတို့က ဘုန်းကြီးကျောင်းဖက်က ဆုတ်ပြေးတာပေါ့၊ ၂၀ ရက်နေ့ကျတော့ သူတို့ရှေ့ပြေးကင်းနဲ့ ကျွန်တော်တို့ တိုက်ပွဲထပ်ဖြစ်ခဲ့တာပါ ” လို့ ဗျတ္တညီနောင်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ အင်အား ၂၅ ဦးလောက်ပါတဲ့ ရှေ့ပြေးကင်းထောက်အဖွဲ့ကို နွားခြံကုန်းရွာအပြင်ဘက်မှာ ULF တပ်ပေါင်းစုနဲ့ KlG စစ်ကြောင်း၊ AlPha စစ်ကြောင်းတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။
 
အဲဒီတိုက်ပွဲမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချူပ်က လာတဲ့ တပ်စိပ်မှူး ထွန်းဝင်းဆိုသူကို အရှင်ဖမ်းဆီးရမိခဲ့သလို ၄၀ မမ ဗုံးသီး နှစ်လုံးအပါအဝင် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဖော်ပြထားပါတယ်။
 
တိုက်ပွဲတွေဖြစ်ခဲ့တဲ့ နေရာအနီးတဝိုက်ဟာ သစ်ကွင်းနားမှာရှိနေတဲ့ ကျေးရွာတွေမှာ ဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ သစ်ကွင်းတွေထဲက သစ်တွေကို ချင်းတွင်းမြစ်ကြောင်း အတွင်းကတဆင့် မုံရွာမြို့ဘက် သယ်ယူနေတဲ့အတွက် စစ်ကြောင်းတွေကို သစ်ကွင်းအနီးနားက ရွာတွေနား ပို့ထားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
“ စစ်ကောင်စီတပ်တွေက သူတို့လိုချင်တဲ့ သစ်တွေကို ရနိုင်ဖို့အတွက် သူတို့တဖွဲ့လုံး တရာ နှစ်ရာကြီးကို လေးဖွဲ့လောက်ခွဲပြီး သစ်ကွင်းရှိတဲ့နေရာ အနီးနားတွေကို ပတ်ချလိုက်တာပေါ့၊ စစ်ကောင်စီတပ်က အဲလိုလုပ်တော့ တော်လှန်ရေးသမားတွေက ဘယ်တိုက်လို့ တိုက်ရမှန်းမသိ ဖြစ်နေတာပေါ့၊ သူတို့ဘက်က လက်နက်ကြီး ပစ်ကူတွေရှိတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းတွေ ရောက်လာတာကြောင့် နွားခြံကုန်းရွာက ဒေသခံတွေ အပါအဝင် ဒေါင်းပျံ၊ ကျွန်းကလေး၊ နတ်တောင်၊ နတ်မြောက်၊ အုန်းပင်စိပ်၊ သပြေတော စတဲ့ကျေးရွာတွေက ဒေသခံ ထောင်ဂဏန်းနီးပါးလောက်ဟာ စစ်ရှောင်နေတာတွေရှိသလို တချို့လည်း နေရပ်ပြန်နေကြတယ်လို့ သူကဆို ပါတယ်။
 
“ သစ်ကွင်းက ဟိုတုန်းကတည်းက ရှိတယ်၊ အာဏာမသိမ်းခင်က နိုင်ငံတော်ပိုင်သစ်တွေပေါ့နော်၊ ဒါတွေယူနေကြတာပေါ့၊ ချင်းတွင်းမြစ်ထဲကနေ အလုံဆိပ်ကမ်းပို့တာ မုံရွာဘက်ပို့တာပေါ့၊ နမခကလည်း လက်နက်ကြီးတွေနဲ့ စစ်ဘေးရှောင်တွေရှိနေတဲ့ နေရာရမ်းပစ်နေတာတွေ မြင်နေရတယ်၊ အခုက မိုးတွေကလည်း ရွာနေတယ်လေ၊ စစ်ရှောင်တွေလည်း နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာပဲ စုပြုံနေတာရှိတယ်၊ ရက်တွေကြာတော့ ဘယ်သူမှလည်း မကျွေး နိုင်တော့ဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) အဖွဲ့ရဲ့အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင် တိုက်ပွဲပေါင်း ၁၀၁၁၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့ရာကနေ ဇူလိုင် လထဲမှာတော့ ပြန်လည်မြင့်တက်လာတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ကနီနယ်ဒေသခံ စစ်ဘေးရှောင်များ (ပုံဟောင်း)