သန့်စင်ထားတဲ့ ရေဒီယို သတ္တိကြွ ရေတွေ အခုသီတင်းပတ်ကစလို့ ပင်လယ်ထဲ ဖောက်ချဖို့ ဂျပန်စီစဉ်

သြဂုတ်၊ ၂၂

ဝေဖန် ဆန့်ကျင်မှုတွေ ရှိနေပေမယ့်လည်း ရေဒီယို သတ္တိကြွခဲ့ဖူးတဲ့ ရေတွေကို ဂျပန်က ပင်လယ် သမုဒ္ဒရာထဲ စတင် ဖောက်ထုတ်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ငလျင်နဲ့ ဆူနာမီ လှိုင်းတွေကြောင့် အက်ကွဲခဲ့တဲ့ ဖူကူးရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံ၊ ဓာတ်ပေါင်းဖို တခုကို အအေးခံထားတဲ့ ရေတွေကို ဂျပန်က ၁၂ နှစ်လောက်ကြာအောင် ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့ ရေလှောင်ကန်တွေ ပြည့်လုနီးပါး ဖြစ်လာတဲ့အတွက် ရေဒီယို သတ္တိကြွ ဓာတ်အများစုကို ဖယ်ရှား သန့်စင်ထားတဲ့ ရေတွေကို ပင်လယ် သမုဒ္ဒရာထဲ စွန့်ထုတ်ဖို့ စီစဉ်လာရတာပါ။

ဂျပန်က အဲဒီ သန့်စင်ပြီး ရေတွေဟာ အန္တရာယ်ကင်းကြောင်း အာမခံထားပြီး နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)ကလည်း ဂျပန်ရဲ့ အဆိုကို ထောက်ခံထားပါတယ်။ ဒါပေမဲ့လည်း ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဝေဖန် ဆန့်ကျင်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ 

ဂျပန်မှာ ပင်လယ် ကမ်းခြေ ဒေသတွေမှာ နေထိုင်သူတွေက ဂေဟစနစ်ကို ထိခိုက်လာမှာ စိုးရိမ်နေပြီး တံငါသည်တွေကလည်း ပင်လယ်စာစျေးကွက်အပေါ် အနုတ်လက္ခဏာဆန်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ကန့်ကွက်နေကြတာပါ။ ပြီးတော့ တရုတ်လို နိုင်ငံတွေကလည်း ဂျပန်ရဲ့ ဆုံးဖြတ်ချက်က ပင်လယ် သမုဒ္ဒရာတွေကို ညစ်နွမ်းစေနိုင်တယ်ဆိုပြီး ရှုတ်ချနေပါတယ်။

တောင်ကိုရီးယားမှာဆိုရင် အစိုးရက ဂျပန်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပေမယ့် လမ်းတွေပေါ်မှာ ပြည်သူတချို့က ရေတွေ ဖောက်ချမယ့် ကိစ္စကို ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြတာတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း ရွေးချယ်စရာ မရှိတော့သလို IAEAရဲ့ ထောက်ခံမှုကိုလည်း ရရှိထားတဲ့ ဂျပန် အာဏာပိုင်တွေဟာ ဖူကူရှီးမားက သန့်စင်ပြီး ရေဒီယို သတ္တိကြွ ရေတွေကို အစောဆုံးအဖြစ် ဩဂုတ် ၂၄ ရက်လောက်မှာ စတင် ဖောက်ချဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြဿနာ တခုခု၊ အဟန့်အတား တခုခု မရှိဘူးဆိုရင် သက်ဆိုင်ရာ အရာရှိတွေက ရေတွေ ဖောက်ချမှုကို ကြာသပတေးနေ့မှာ စတင်လိမ့်မယ်လို့ အတည်ပြုထားပါတယ်။

၂၀၁၁ တုန်းက ဂျပန်ဟာ နိုင်ငံသမိုင်းမှာ အဆိုးဆုံး သဘာဝ ကပ်ဘေး တခုအဖြစ် ငလျင်ကြီး တခု လှုပ်ခတ်မှုနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေဒဏ်ကို သက်ရောက် ခံစားခဲ့ရပါတယ်။ ဖူကူရှီးမား ဒိုင်ချီ စက်ရုံထဲက ဓာတ်ပေါင်းဖိုဟာလည်း အက်ကွဲသွားပြီး ရေဒီယို သတ္တိကြွ ဓာတ်ပစ္စည်းတွေကို အအေးပေးဖို့အတွက် ရေတွေကို အစဉ်တစိုက် ထိုးသွင်းနေခဲ့ရတာပါ။ နောက်ပိုင်းမှာ မိုးရေနဲ့ မြေအောက်ရေ ယိုစိမ့်မှုတွေကြောင့်လည်း ပတ်ဝန်းကျင်ကို ရေဒီယို သတ္တိကြွ ရေတွေ ပျံ့နှံ့မှု အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဂျပန်က အဲဒီ ရေတွေ အားလုံးကို ပြန်လည် သန့်စင်ပြီး ဧရာမ ရေလှောင်ကန်ကြီးတွေထဲမှာ သိုလှောင်ထားခဲ့တာပါ။ ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ ရေလှောင်ကန်တွေ မဆံ့တော့တာကြောင့် ပင်လယ် သမုဒ္ဒရာထဲ ဖောက်ချဖို့ ပြင်ဆင်လာခဲ့တာပါ။ နျူကလီးယား ဓာတ်ပေါင်းဖိုကို အန္တရာယ် ကင်းကင်းနဲ့ အပြီးတိုင် ပိတ်ချဖို့အတွက် အဲဒီရေတွေကို ဖယ်ထုတ်ပစ်ဖို့ လိုတယ်လို့လည်း ဂျပန် အာဏာပိုင်တွေက ပြောပါတယ်။

ဇူလိုင်လမှာတော့ ကုလသမဂ္ဂ လက်အောက်ခံ IAEAရဲ့ ပညာရှင်တွေက ဂျပန်ကို သွားရောက်ခဲ့ပြီး သန့်စင်ထားတဲ့ ရေဒီယို သတ္တိကြွရေတွေကို စစ်ဆေးခဲ့ပါတယ်။ အဲဒီ ရေတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသလောက် နည်းမယ်လို့ IAEAက အဆုံးအဖြတ်ပေးပြီး ရေတွေ ပင်လယ် သမုဒ္ဒရာထဲ ဖောက်ချမယ့် ကိစ္စကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။  

 

Ref: CNN