ထားဝယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံခုနှစ်ထောင်ဝန်းကျင် တိမ်းရှောင်နေရ

သြဂုတ်၊ ၂၂
 
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အရှေ့ဘက် အရှေ့တောဒေသနဲ့ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ဘက်ကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၁ ရက် မနက်အစောပိုင်းကတည်းက တပြိုင်တည်း စစ်ကြောင်းထိုးနေလို့ ဒေသခံခုနှစ်ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
 
အင်အား တရာကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီနေ့ မနက် ၁ နာရီကျော်လောက်မှာ ထားဝယ်မြို့ကနေ အရှေ့တောဒေသဖြစ်တဲ့ ပကာရီရဲစခန်းကို ကားနဲ့ ရောက်လာခဲ့ပြီး အဲဒီနောက်မှာတော့ ပခပ်၊ ရမ္မဇူ၊ သင်္ကန်းတုံး၊ ဝကုန်း စတဲ့ အနီးအနားရွာတွေကို စစ်ကြောင်းထိုးခဲ့တာပါ။
 
” စစ်ကြောင်းထိုးရင် ရှောင်တာကတော့ ပုံမှန်ပဲ။ တချို့ကလည်း နည်းနည်းငြိမ်တဲ့ ရွာတွေမှာ လိုက်နေကြတာ။ ဥယျာဉ်ခြံတွေထဲ လိုက်နေတဲ့ လူတွေလည်းရှိတယ်။ လောလောဆယ် စစ်ကြောင်းက ဘယ်နားရောက်နေမှန်း မသိကြဘူး။ သေနတ်သံတချက်မှ မထွက်ဘဲ တောလမ်းကနေ သွားနေကြတာ ” လို့ အရှေ့တော ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အခုလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ပခပ်၊ ရမ္မဇူ၊ သင်္ကန်းတုံး နဲ့ ဝကုန်း စတဲ့ အနီးအနားတဝိုက်ရွာတွေက ဒေသခံ နှစ်ထောင်ထက်မနည်း စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
အဲဒီကျေးရွာတွေတဝိုက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိကြပါတယ်။
 
အလားတူပဲ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် တရာကျော်လောက်ဟာ သြဂုတ်လ ၂၁ ရက်၊ မနက် ၄ နာရီလောက်မှာ သဲချောင်းကြီး ရဲစခန်း ကနေတဆင့် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
 
တောင်ပျောက်တိုက်နယ်ထဲပါဝင်တဲ့ မယ်ကဲ၊ ဝင်းကဖော်၊ အလယ်စု၊ ကျွဲခြံနဲ့ ကျောက်အိုင် စတဲ့ ကျေးရွာဆယ်ရွာလောက်က ဒေသခံ အကုန်နီးပါး ကြိုတင်တိမ်းရှောင်နေကြတာပါ။
 
” စစ်ပူလာရင် ရှောင်ကြဖို့ ကျွန်တော်တို့မှာ ကြိုပြင်ထားတာတွေတော့ ရှိတယ်။ အဓိက, ကတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေအတွက်ပေါ့။ ဒါပေမယ့် လောလောဆယ်တော့ ရိက္ခာတွေ၊ နေစရာတွေ ခက်ခဲတာပဲ။ကျွန်တော်တို့မှာ စစ်ရှောင်စခန်းလိုမျိုးလည်း မရှိသေးဘူး ” လို့ တောင်ပျောက်တိုက်နယ်၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
သရက်ချောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်လောက်အကွာမှာရှိတဲ့ အဲဒီ တောင်ပျောက်တိုက်နယ်ထဲကိုတော့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ရိက္ခာနဲ့ ဆေးဝါး သယ်ယူခွင့်တွေ ပိတ်ထားပါတယ်။
 
” ရိက္ခာက ပုံမှန်လမ်းက သယ်မရဘူး။ လမ်းကြိုလမ်းကြားကနေပဲ သယ်လို့ရတာ။ အခုက ရာသီဥတုလည်း မကောင်းတော့ သယ်ရတာတော့ သိပ်အဆင်မပြေဘူး။ လောလောဆယ်တော့ ပစ်သံတွေတော့ ကြားတယ်။ တိုက်ပွဲ အခြေအနေတော့ မသိရသေးဘူး ” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
 
ဒေသခံတွေကတော့ စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးလာတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို နယ်မြေရှင်းလင်းရေးလုပ်တာလို့ ယူဆကြပြီး အဲဒီလို စစ်ကြောင်းထိုးတဲ့အချိန် ဒေသခံတွေကိုပါ ဖမ်းဆီးသတ်ဖြတ်လေ့ရှိလို့ ကြိုတင်ရှောင်တိမ်းကြတာလို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်လောက်ကလည်း ထားဝယ်အထူးစီးပွားရေဇုန်အနီးက ရေဖြူမြို့၊ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာဆယ်ရွာကျော်က ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)
ပုံစာ -တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက စစ်ဘေးတိမ်ရှောင်နေကြရတဲ့ ဒေသခံတွေကို တွေ့ရစဉ်။