ကယ်လီဖိုးနီးယားမှာ မုန်တိုင်း တိုက်ခတ်နေတဲ့အချိန် ငလျင်ပါ လှုပ်ခတ်

သြဂုတ်၊ ၂၂

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ မုန်တိုင်း အပြင်းအထန် တိုက်ခတ်နေချိန် ငလျင်လှုပ်ခတ်မှုနဲ့ပါ ကြုံတွေ့ခဲ့ရပါတယ်။

ဩဂုတ် ၂၁ ရက်က ဟီလာရီ မုန်တိုင်းဒဏ်ကို ဒေသခံတွေ အတော်လေး ကြမ်းကြမ်းတမ်းတမ်း ခံစားနေရတဲ့အချိန် ရစ်ချ်တာစကေး ၅.၁ အဆင့် ငလျင်တခုပါ လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ လော့စ်အန်ဂျလိစ်မြို့ အနောက်မြောက်ဖက်က ဆန်တာဘာဘရာ ဒေသနားက ကမ်းခြေတဝိုက်မှာပါ။ ငလျင်ကြောင့် အရမ်း ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုတွေတော့ မကြုံခဲ့ရပါဘူး။

ဟီလာရီ မုန်တိုင်းဟာ ကနဦးက ဟာရီကိန်းအဆင့်ထိ အားကောင်းခဲ့ပေမယ့်လည်း ကမ်းခြေနား နီးကပ်လာချိန်မှာ မုန်တိုင်းငယ် အဆင့်လောက်ထိ အားပြန်လျော့သွားခဲ့ပါတယ်။ လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘက်စ်က ကနဦး ရရှိထားတဲ့ သတင်းတွေအရ ငလျင်ကြောင့် အဆောက်အအုံတွေ ထိခိုက်ပြိုကျတဲ့ အခြေအနေ မတွေ့ခဲ့ရကြောင်း ပြောပါတယ်။

မုန်တိုင်း တိုက်နေတုန်း ငလျင်လှုပ်တာကြောင့် တချို့ဒေသခံတွေဟာ မုန်တိုင်းဒဏ် ခံနိုင်အောင် အိမ်ထဲမှာပဲ နေရမလား၊ ငလျင်ကြောင့် အဆောက်အအုံ ပြိုကျမှုတွေ ဖြစ်လာနိုင်တာကို စိုးရိမ်ပြီး လမ်းပေါ်ပဲ ပြေးထွက်ရမလား ဝေခွဲမရ ဖြစ်ခဲ့ကြပါတယ်။

ဟီလာရီ မုန်တိုင်းကြောင့် ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆန်က ဒေသတွင်းမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာထားသလို ပြည်စောင့် တပ်ဖွဲ့ဝင် ၇၅၀၀ လောက်ကို ကယ်ဆယ်ရေး ကဏ္ဍအတွက် ကြိုတင် ဖြန့်ကျက်ထားခဲ့ပါတယ်။

ပုံမှန်ဆိုရင် ခြောက်သွေ့ပြီး ကန္တာရဆန်တဲ့ နယ်မြေတချို့ဟာ မုန်တိုင်းကြောင့် သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေအပြီး ရွှံ့ဗွက်တွေ ဖုံးလွှမ်းကုန်ပါတယ်။ ကမ္ဘာပေါ်မှာ အပူဆုံး နေရာတခုလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သေမင်းတောင်ကြား အစိတ်အပိုင်း တချို့မှာပါ မိုးသည်းသည်းထန်ထန်ရွာပြီး ရေကြီးခဲ့တယ်လို့ သိရပါတယ်။

 

Ref: Reuters