DNA Fact Check

သြဂုတ်၊ ၂၂
 
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ် တခုဖြစ်တဲ့ (Snow Queen) ချန်နယ်မှ သြဂုတ်လ ၁၇ ရက်၂ နာရီ ၂၄ မိနစ်တွင် ” မန်းလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ အောင်သုခကျေးရွာ အတွင်းသို့ ယမန်နေ့ နံနက် (၇) နာရီဝန်းကျင် အချိန်ခန့်က အကြမ်းဖက် PDF အင်အား ၅၀ ဦးထက်မနည်း ရောက်ရှိလာပြီး ကျေးရွာသားများအား ရွာတွင်းမှာ မနေရန် ခြိမ်းခြောက်မောင်းထုတ်ပြီး၊ ကျေးရွာကို ဒလန်ရွာဟု စွပ်ဆွဲပြောဆိုကာ မီးတင်ရှို့သွားသည် ” ဆိုတဲ့ ခေါင်းစဥ်ဖြင့် ဖြန့်ဝေ ရေးသားခဲ့ပါတယ်။
 
၄င်းပို့စ်အား ကြည့်ရှုသူ ၁၀,၆၂၅ ဦး၊ React ပြုလုပ်သူ ၁၂၇ ဦး၊ ပြန်လည်မျှဝေသူ ၈ ဦးထိ ရှိပြီး အဲဒီပိုစ်ကိုပဲ အခြားလော်ဘီချန်နယ်များကလည်း ပြန်လည်မျှဝေထားတဲ့အပြင် ဆက်လက်ပြန့်နှံ့နေပါတယ်။
ဒီပြန့်နှံ့လာသော ပို့စ်ရဲ့ဓါတ်ပုံတွေက မီးရှို့စဥ်အတွင်း အနီးကပ်ရိုက်ယူထားသော ပုံတွေဖြစ်နေတာကို Delta News Agency (DNA Fact Check အဖွဲ့)မှ သတိပြုမိခဲ့ပါတယ်။
 
အောင်သုခကျေးရွာ မီးရှို့ခံရသည့် အကြောင်းအရာမှာ မှန်ပေမယ့် PDF တွေက မီးရှို့ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း သတိထားမိပြီး သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
DNA Fact Check အဖွဲ့က ဖြစ်စဥ်ကို စစ်ဆေးကြည့်တဲ့အခါမှာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဧရာဝတီမြစ်ဘေးက ကျွန်းပေါ်ရွာတွေမှာ စစ်ကောင်စီက ၁၀ ရက်ဆက်တိုက် စစ်ကြောင်းထိုးခဲ့တာပါ။
 
အောင်သုခရွာကိုလည်း ကုန်းလမ်းရော ရေလမ်းကပါ ၁၆ ရက်မနက်အစောပိုင်းမှာ ဝင်ပြီး နေအိမ်တွေကို မီးရှို့သွားတဲ့အကြောင်းနဲ့ ဒေသခံတွေက သတင်းကြိုရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့အကြောင်း အောင်သုခရွာရဲ့ ဒေသခံတဦးက RFA ကို ဖြေကြားထားတာကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါတယ်။
အောင်သာကျေးရွာနဲ့ အောင်သုခကျေးရွာတွေကို ၁၆ ရက်နေ့တွင် စကစ စစ်ကြောင်းက မီးရှို့ခဲ့ပြီး အောင်သုခရွာက ခန့်မှန်းခြေ အိမ်ခြေ ခြောက်ဆယ်ကျော်ရှိရာတွင် မီးရှို့ခံရတာကြောင့် အိမ်ခြေ လေးငါးလုံးသာ ကျန်တယ်လို့ ငါန်းဇွန်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတဦးကို DNA က အတည်ပြုမေးမြန်းထားတာကို ဒီ Link တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
ဒီသတင်းကို ‌လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာန အများစုက ရေးသားတင်ဆက်ထားကာ ဒေသခံများနဲ့ ကာကွယ်ရေးတပ်ဖွဲ့များကို မေးမြန်ထားတာကို တွေ့ရှိရပြီး ဖော်ပြထားတဲ့ ဓါတ်ပုံများကလည်း အဝေးမှ ရိုက်ကူထားတဲ့ ဓါတ်ပုံတွေဖြစ်တာကို တွေ့ရှိရပါတယ်။
 
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ဝေထားတဲ့ ဓါတ်ပုံတွေက မီးရှို့ပြီးသည်နှင့် အနီးကပ်ရိုက်ယူထားတဲ့ ပုံတွေဖြစ်တာကို တွေ့ရတဲ့အပြင် ရေးသားတင်ဆက်ထားတဲ့ သတင်းတွေမှာလည်း PDF များက မီးရှို့ထားတဲ့ တိကျသေချာတဲ့ သက်သေတွေ မရှိတာကိုလည်း Delta News Agency (DNA Fact Check) အဖွဲ့က တွေ့ရှိခဲ့ပါတယ်။
စစ်ကောင်စီ လော်ဘီ အကောင့်တွေကနေ အမျိုးမျိုးသော သတင်းအမှားတွေကို ဖြန့်ဝေနေတဲ့အတွက် ပြည်သူများအနေနဲ့ သတင်းတွေကို ဖတ်ပြီး အလွယ်တကူ မယုံကြည်ကြဖို့နဲ့ မသေချာတဲ့သတင်း၊ သံသယဖြစ်ဖွယ် သတင်းတွေကို အလွယ်တကူ Share မပြုလုပ်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်းဟုတ်မဟုတ် အတည်ပြုလိုရင်ပဲဖြစ်ဖြစ် Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းတာတွေ လုပ်သင့်ကြောင်း DNA မှ အကြံပြုရေးသားလိုက်ပါတယ်။