ထိုင်းနိုင်ငံကို ပြန်လည် ရောက်ရှိလာပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်

သြဂုတ်၊ ၂၂

ကြိုတင် ကြေညာထားတဲ့အတိုင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ထိုင်းနိုင်ငံကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

၁၅ နှစ်လောက် ပြည်ပကို တိမ်းရှောင်နေခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်းဟာ နောက်ကွယ်ကနေ သူကြိုးကိုင်ထားတဲ့ပါ ဖျူထိုင်းပါတီ (PTP)က အခါးသီးဆုံး ပြိုင်ဘက်တချို့နဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းတော့မယ့် အချိန်နဲ့ တိုက်ဆိုင်ပြီး ဇာတိနိုင်ငံဆီ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၂၂ ရက် မနက်ပိုင်းမှာ စင်ကာပူကနေ ထွက်ခွာလာတဲ့ လေယာဉ်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရဲ့ ဒွန်မောင်းလေဆိပ်ဆီ ဆိုက်ရောက်လာပါတယ်။ လေဆိပ်နားမှာ သက်ဆင်ကို အားပေး ထောက်ခံသူ အများအပြားက စုရုံး စောင့်ဆိုင်းနေခဲ့ကြပြီး အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းဟာ မိသားစုဝင်တွေနဲ့အတူ လူလုံးထွက်ပြပြီး ပြည်သူတွေကို လက်ပြ နှုတ်ဆက်သွားခဲ့ပါတယ်။

သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပြီး စွဲချက်တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူက အဲဒီ စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ ထိုးနှက်တာတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပေမယ့် ထောင်ဒဏ်တွေကို ရှောင်လွှဲဖို့အတွက် ၂၀၀၈ ခုနှစ်မှာ ပြည်ပကို တိမ်းရှောင်သွားခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကတော့ သက်ဆင် ပြန်ရောက်လာတာနဲ့ သူ့ကို ဖမ်းဆီးမယ်လို့ ကြိုတင် သတိပေးထားပါတယ်။ သက်ဆင်ဟာ မျက်ကွယ်မှာ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ စွဲချက် ၃ ခုကြောင့် ထောင် ၁၀ နှစ်လောက် ကျခံရနိုင်ခြေ ရှိနေဆဲပါ။

PTPဟာ အစိုးရ ဖွဲ့စည်းချိန်မှာ ပြိုင်ဘက်ဟောင်း ကွန်ဆာဗေးတစ်တွေကို သက်ဆင်ရဲ့ ပြစ်ဒဏ်တွေ ပယ်ဖျက်ရေးကိစ္စ ထည့်သွင်း ဆွေးနွေးထားသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ သက်ဆင်ဟာ ထိုင်းနိုင်ငံနဲ့ ၁၅ နှစ်လောက် ကင်းကွာနေတဲ့တိုင် ဩဇာအကြီးဆုံး နိုင်ငံရေးသမား တဦးအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

သက်ဆင် ပြန်လာတဲ့နေ့ ညနေပိုင်းမှာတော့ ထိုင်းလွှတ်တော်ဟာ သက်ဆင်ရဲ့ လက်ရုံးတဦးလို့ သတ်မှတ်ခံရသူ ဆရက်သာ သာဗီဆင်ကို ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ရေးကိစ္စ မဲပေးဆုံးဖြတ်ဖို့ လျာထားပါတယ်။ အချိန် အကြာကြီး ခွဲခွာခဲ့ရတဲ့ နိုင်ငံကို ပြန်လာနိုင်ခဲ့ပြီ ဖြစ်တာကြောင့် သက်ဆင်ရော၊ သူ့မိသားစုအတွက်ပါ ပျော်ရွှင် ဝမ်းသာမိတယ်လို့ သာဗီဆင်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ လူများစုဖြစ်တဲ့ လယ်သမား၊ အလုပ်သမားနဲ့ အောက်ခြေလူတန်းစားတွေရဲ့ အခိုင်အမာ ထောက်ခံမှုကို ရရှိထားပြီး သူဟာ နိုင်ငံသမိုင်းမှာ အကောင်းဆုံး ဝန်ကြီးချုပ်လို့ လက်ခံထားသူတွေ အများကြီး ဖြစ်နေပါတယ်။ တဖက်မှာလည်း သက်ဆင်ဟာ ထိုင်းနိုင်ငံကို သွေးကွဲမှုတွေ အနက်ရှိုင်းဆုံး ဖြစ်ပေါ်စေခဲ့တဲ့ အငြင်းပွားစရာ အကောင်းဆုံး ဝန်ကြီးချုပ် တဦးအဖြစ် ရှုမြင်သုံးသပ်ချက်တွေ တော်တော်များများ ရှိနေပါတယ်။

 

Ref: BBC