အဝေးပြေးယာဉ်လိုင်းတွေ အရှုံးပေါ်လို့ ရပ်နားမှု တိုးလာ

သြဂုတ်၊ ၂၁

ဒေါ်လာစျေးမြင့်တက်မှုနဲ့အတူ ယာဥ်အပိုပစ္စည်းနဲ့ ပြင်ဆင်စရိတ်တွေကြီးမြင့်လာတာ၊ခရီးသည်နည်းပါး တာတွေ ကြောင့် အရှုံးပေါ်ပြီး ရပ်နားသွားတဲ့ အဝေးပြေးယာဉ်လိုင်းတွေရှိလာတယ်လို့ အဲ့ဒီလုပ်ငန်းအသိုင်းအဝိုင်းက ပြော ကြပါတယ်။

လက်ရှိပြေးဆွဲနေတဲ့အဝေးပြေးကားတွေအနေနဲ့ ရရှိတဲ့ဝင်ငွေဟာ ယာဥ်ပြင်ဆင်စရိတ်တောင်မကာမိဘဲ ယာဥ် လုပ်သားလုပ်အားခနဲ့ ဂိတ်ရုံးခန်းငှားရမ်းစရိတ်တွေ စိုက်ထုတ်နေရတဲ့အထိရှိနေတာကြောင့် ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

“ကားတာရာတွေ၊အင်ဂျင်ဝိုင်တွေဆိုစျေးကအဆမတန်တက်သွားတာ၊ မဖြစ်မနေကုန်ရမယ့်ဟာတွေ၊အခြေအနေ ကောင်းလာမလားဆိုပြီးတောင့်ခံနေကြတာပဲ၊မခံနိုင်တဲ့သူတွေကနားပေါ့”လို့ ရန်ကုန်-မကွေးယာဥ်လိုင်း တာဝန်ခံ တဦးကပြော​ပါတယ်။

လက်ရှိမှာ အဝေးပြေးခရီးသည်အရေအတွက်လည်းနည်းပါးနေတာကြောင့် စျေးကွက်ပြိုင်ဆိုင်မှုအရ ယာဥ်စီးခ ထပ်တင်ဖို့မှာလည်း မဖြစ်နိုင်ဘူးလို့ ယာဥ်လိုင်းပိုင်ရှင်တဦးကဆိုပါတယ်။

“စျေးထပ်တင်ရင်လည်းကိုယ့်လိုင်းကနာမည်ပျက်ဦးမယ်၊အခြေအနေတော့စောင့်ကြည့်နေတယ်၊မဟန်ရင်နားဖို့ စဥ်းစားရတော့မှာ”လို့သူကပြောပါတယ်။

အခုချိန်မှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ဒေသကိုပြေးဆွဲနေတဲ့ ယာဥ်လိုင်း တွေဟာ ခရီးသွားနည်းပါးမှုနဲ့ဝင်ငွေကျဆင်းမှုပြဿနာကိုအဆိုးဆုံးကြုံနေရတာလို့ဆိုပါတယ်။

စက်သုံးဆီစျေးကြီးမြင့်တာ၊ လမ်းတလျှောက်ကစစ်ဆေးရေးဂိတ်တွေကို ပိုက်ဆံအကြောင်းမဲ့ပေးရ တာတွေ ကြောင့်လည်း စရိတ်ပိုထောင်းစေတယ်လို့ ယာဥ်လိုင်းတာဝန်ခံတွေကပြောပါတယ်။

အဲဒီလိုအဆင်မပြေမှုတွေကြောင့်လပိုင်းအတွင်း အဝေးပြေးခရီးသည်တင်ယာဥ်လိုင်း ဆယ်ဂဏန်းလောက် ရပ် နားသွားသလို ယာဥ်ပိုင်ရှင်တချို့အနေနဲ့လည်း ကုန်ကျစရိတ်မကာမိလို့ ကားတွေကိုဂိတ်မသွင်းဘဲ ရပ်ထားကြ တာတွေရှိလာနေတယ်လို့ သူတို့ကပြောပါတယ်။

စစ်အာဏာမသိမ်းမီကာလအထိ ရန်ကုန်မြို့ကနေ နယ်မြို့အသီးသီးကိုပြေးဆွဲနေတဲ့ ယာဥ်လိုင်းပေါင်း သုံးရာနီး ပါးရှိပေမယ့် အခုလပိုင်းအတွင်း ယာဥ်လိုင်းနှစ်ရာလောက်ကသာ ပြေးဆွဲနေတယ်လို့ စစ်ကောင်စီလက်အောက်ရှိ ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုကော်မတီ(RRTC)ရဲ့စာရင်းတွေအရသိရပါတယ်။

အဲဒီယာဥ်လိုင်းတွေကနေ နေ့စဥ် ကားအစီးရေ ခြောက်ရာ ကျော်ပြေးဆွဲပြီးခရီးသည် တသောင်းနီးပါးအသုံးပြုနေ တယ်လို့လည်းဖော်ပြထားပါတယ်။

အဲဒီအရေအတွက်ဟာ အာဏာမသိမ်းခင်နဲ့ COVID-19ကပ်ရောဂါမတိုင်ခင်က အဝေးပြေးခရီးသည်ယာဉ်ပြေးဆွဲမှု အခြေအနေရဲ့ တဝက်လောက်သာရှိတယ်လို့ ယာဥ်လိုင်းတာဝန်ရှိသူတွေကပြောကြပါတယ်။