သြဂုတ်၊ ၂၁
ပြည်တွင်းအခေါက်ရွှေတကျပ်သားကို သိန်းလေးဆယ်ကျပ်နီးပါးနဲ့ အမေရိကန်တဒေါ်လာကို လေးထောင်ကျပ်နီးပါးဖြစ်ခဲ့ရာကနေ သြဂုတ်လ ၂၁ ရက် ဒီကနေ့မှာတော့ စျေးနှုန်းတွေပြန်လည်ကျ ဆင်းလာတယ်လို့ရန်ကုန်မြို့က ရွှေနဲ့နိုင်ငံခြားငွေစျေးကွက်က သိရပါတယ်။
သြဂုတ်လ ၂၁ ရက် ဈေးကွက်ပေါက်ဈေးအရ ပြည်တွင်းရွှေတကျပ်သားကို ကျပ် ၃၈ သိန်း အောက် ကျဆင်းနေပြီး ညနေပိုင်းမှာတော့ တကျပ်သားကို ကျပ် ၃,၇၂၀,၀၀၀ နဲ့ဈေးပိတ်ခဲ့သလို အမေရိကန်တဒေါ်လာကို ၃,၇၃၀ ကျပ်အထိ ကျဆင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လ ၁၈ ရက်က ပြည်တွင်းရွှေဈေး တကျပ်သားကို ၃,၉၃၀,၀၀၀ ကျပ်ပေါက်ဈေးနဲ့စံချိန်တင် မြင့်တက်ခဲ့သလို အမေရိကန်တဒေါ်လာကို ၃,၉၀၃ ကျပ်အထိ စျေးပေါက်ခဲ့ရာကနေ အခုလိုစျေးနှုန်းတွေပြန်လည်ကျဆင်းလာတာပါ။
သြဂုတ်လ ၂ဝရက်မနေ့က အခေါက်ရွှေတကျပ်သား ၃,၉၂၀, ၀၀၀ ကျပ်၊ အမေရိကန် တဒေါ်လာ ၃,၉၂ဝကျပ်၊တယူရို ၄,၁၅ဝကျပ်၊စင်္ကာပူ တဒေါ်လာကို ၂,၈၃ဝကျပ် ၊ထိုင်း တဘတ်ကို ၁၁၀ ကျပ်ထိဈေးပေါက်ခဲ့ပါတယ်။
ပြည်တွင်းရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်ရာကနေ ဒီနေ့မှာတော့ ရွှေဈေးနှုန်းပြန်လည်ကျဆင်းနေပေမယ့် ဈေးကွက်အတွင်းမှာတော့ အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေကပြောပါတယ်။
“ အရင်ရက်ကရွှေဈေးတက်တော့ ထပ်တက်မယ် အထင်နဲ့ရွှေတွေကို ပြည်သူတွေက ဝယ်ကြတယ်။ အဝယ်များကြတယ်။ဒီနေ့ကျတော့ ရွှေဈေးနှုန်းကျသွားတော့ အရောင်းအဝယ်က အေးသွားတယ်။တက်မယ်ထင်ပြီးလိုက်လုပ်ကြတာ။ပစ္စည်းကိုင်ထားကြတာပါ။ဈေးအမြင့်နဲ့ ဝယ်ထားကြတော့ အခုကျသွားတော့ အရှုံးမခံနိုင်တော့တာ “လို့ရန်ကုန်မြို့၊ လှည်းတန်းလမ်းမှာ ရှိတဲ့ရွှေကုန်သည် တဦးကပြောပါတယ်။
လက်ရှိမှာတော့ ကမ္ဘာ့ရွှေတအောင်စကို အမေရိကန် ဒေါ်လာ ၁,၈၈၉ အထိကျဆင်းနေပြီး ပြည်တွင်းရွှေလည်းကျနေတာကြောင့် ရွှေကုန်သည်တွေက ဈေးနှုန်းတည်ငြိမ်မှုရဖို့အတွက် မျှော်လင့်နေကြတာပါ။
သြဂုတ်လ ၁၈ ရက်က အခေါက်ရွှေတကျပ်သားကို ၃,၉၃၀,၀၀၀ ကျပ်၊ အမေရိကန် တဒေါ်လာ ၃,၉၀၃ ကျပ်၊ တယူရို ၄, ၂၀၃ ကျပ်၊ စင်္ကာပူတဒေါ်လာ ၂,၉၀၁ကျပ် နဲ့ ထိုင်းတဘတ်ကို ၁၀၉ကျပ်ထိ စံချိန်တင် ဈေးမြင့်တက်ခဲ့တာပါ။
ဒါပေမယ့့် ဒီနေ့မှာတော့ အမေရိကန် တဒေါ်လာကို ၃,၇၃ဝကျပ်၊တယူရိုကို ၄,၀၅ဝကျပ်၊စင်္ကာပူတဒေါ်လာကို ၂,၇၃ဝကျပ်နဲ့ထိုင်းတဘတ်ကို ၁၀၃ကျပ်အထိ ဈေးကျဆင်းနေပြီး အချိန်အလိုက် အပြောင်းအလဲ ရှိနိုင်တယ်လို့ ဈေးကွက်အတွင်းကအ စုံစမ်းသိရှိရပါတယ်။