ခင်ဦးမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးသွား

သြဂုတ်၊ ၂၁
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တောင်ဖက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က သြဂုတ်လ ၂၁ ရက်၊ မနက် ၁၁ နာရီခန့်မှာ အမျိုးသားနှစ်ဦးကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
 
” ခင်ဦးမြို့ပေါ်က ဓားစာခံနှစ်ယောက် ဖမ်းသွားတယ်။ မနက်စစ်ကြောင်း စလှုပ်ကတည်းက ဖမ်းသွားတာ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
 
ခင်ဦးမြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ အင်အားတရာကျော်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ မြို့ ထဲကို နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေပြီး အောင်သီရိရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အဲဒီဒေသခံအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က စစ်ကြောင်းနဲ့ အတူဖမ်းဆီးသွားပေမယ့် ဘာကြောင့် ဖမ်းသွားတယ်ဆိုတာနဲ့ ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ဆက်လက်ပြောကြားပါတယ်။
 
လက်ရှိမှာ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်၊ ပန်းမုံ ဘုရားဘက်ကနေ ခင်ဦးမြို့နယ်၊ အနောက်ဘက် လွမ်းစေတီ ဘုရားဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
အဲဒီ စစ်ကြောင်းကြောင့် ကန်သစ်၊ မောက်ပက်၊ နှောကုန်း၊ ပေါင်းလှဲကုန်း၊ ဥစ္စာတွင်း၊ လောင်းရှည်နဲ့ လက်ပံလှ အပါအဝင် အနီးအနားက ကျေးရွာက ဒေသခံငါးထောင်ကျော်ဟာ မိုးရေထဲ စစ်ရှောင်နေရတာကြောင့် စားနပ်ရိက္ခာ အပါအဝင် ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေပါတယ်။
 
“ မိုးရွာထဲ စစ်ရှောင်နေတော့ တခြားရွာတွေ သွားတော့ တခြားရွာတွေလည်း ရှောင်နေရတာပဲ။ စစ်ရှောင်စခန်းဆိုတာ မရှိတော့ အဲ့ဒါတွေ ခက်ခဲတယ်။ မိုးထဲလေထဲ ပြေးနေရတော့ လူလတ်ပိုင်းတွေ ကိစ္စမရှိပေမယ့် လူကြီးနဲ့ ကလေးတွေက ဒုက္ခ‌ရောက်တယ်။ မိုးရာသီဆိုတော့ ဆေးကလိုတယ် အစစအရာရာလိုတယ် ” လို့ ခင်ဦးဒေသခံအမျိုးသားက ဆိုပါတယ်။
 
ဓာတ်ပုံ – CJ