သြဂုတ်၊ ၂၁
စပိန် အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင် အိုလ်ဂါ ကာမိုနာဟာ နိုင်ငံအတွက် သမိုင်းဝင် အောင်ပွဲတခုကို ဆောင်ယူပေးခဲ့ပြီး ဂုဏ်ယူနေချိန်မှာ ကြေကွဲစရာ သတင်းဆိုးကို ကြားသိခဲ့ရပါတယ်။
ဩဂုတ် ၂၀ က အမျိုးသမီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ စပိန်က အင်္ဂလန်ကို ၁-၀ နဲ့ အနိုင်ရပြီး သမိုင်းတလျှောက် လက်ရွေးစင် အသင်းရဲ့ ပထမဆုံး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ တလုံးတည်းသော အနိုင်ဂိုးကို အသက် ၂၃ နှစ်အရွယ် ရီးရဲလ်မက်ဒရစ် ဘယ်တောင်ပံ ခံစစ်မှူး ကာမိုနာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ အသင်းဖော်တွေနဲ့အတူ ဆုဖလားကို လက်ခံယူ၊ အောင်ပွဲခံရင်း ပျော်ရွှင်နေတဲ့ ကာမိုနာကို အသင်းတာဝန်ရှိသူတွေက စိတ်မကောင်းစရာ သတင်းတခု ယူဆောင်လာပေးခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ နာမကျန်း ဖြစ်နေတဲ့ ဖခင် ကွယ်လွန်သွားရှာပြီဆိုတဲ့ အကြောင်းပါပဲ။
ကာမိုနာရဲ့ နာတာရှည် ရောဂါသည် ဖခင်ဟာ ဗိုလ်လုပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ ကွယ်လွန်သွားပေမယ့် ကာမိုနာ အာရုံထွေပြားမှာစိုးလို့ မိသားစုက သူ့ကို အသိမပေးခဲ့ပါဘူး။ ဒါကြောင့်လည်း အသင်းတာဝန်ရှိသူတွေဟာ ဗိုလ်လုပွဲ အပြီးထိ စောင့်ပြီးမှ သူတို့ရဲ့ အသင်းခေါင်းဆောင်ဆီ သတင်းဆိုးကို ဆောင်ယူပေးခဲ့ကြတာ ဖြစ်ပါတယ်။
“ဖေဖေ သမီးကို ကြည့်နေမယ်ဆိုတာ သမီးသိပါတယ်။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ ဖေဖေ”ဆိုတဲ့ စာသားကို ချန်ပီယံ ဆုတံဆိပ်ကို နမ်းရှုပ်နေတဲ့ ဓာတ်ပုံနဲ့တွဲပြီး ကာမိုနာက လူမှုကွန်ရက်ပေါ် တင်ထားခဲ့ပါတယ်။
သူ့ဖခင် ကွယ်လွန်သွားပြီ ဆိုတာကို ကြိုမသိခဲ့တဲ့အတွက် သူဟာ ဗိုလ်လုပွဲကို စိတ်ဖိစီးမှု ကင်းကင်းနဲ့ ကစားနိုင်ခဲ့ကြောင်း၊ သူ့ဘဝမှာ ဖခင် ရှိနေသေးတယ်ဆိုတဲ့ အသိက ပြိုင်ပွဲအတွက် အားတခု ဖြစ်စေခဲ့ကြောင်းလည်း ကာမိုနာက ဆိုပါတယ်။
အခုတော့ ကာမိုနာနဲ့ သူ့အသင်းဖော်တွေ ကြိုးစား အားထုတ်မှုကြောင့် စပိန် လက်ရွေးစင် အမျိုးသမီး အသင်းရဲ့ တံဆိပ်ပေါ်မှာ ရွှေကြယ်တပွင့် ရေးထိုးခွင့် ရလာခဲ့ပါပြီ။ ကမ္ဘာ့ချန်ပီယံ တကြိမ်ဖြစ်ဖူးတိုင်း အဲဒီလို ကြယ်တပွင့်စီ ထပ်တိုးသွားခွင့် ရှိပါတယ်။
စပိန် ဘောလုံးအဖွဲ့ချုပ် (RFEF)က အသင်းခေါင်းဆောင် ကာမိုနာရဲ့ ဖခင် ကွယ်လွန်မှု သတင်းကို ဝမ်းနည်းစွာ ကြေညာကြောင်း၊ ကာမိုနာ ကိုယ်တိုင်က ဒီသတင်းကို ဆုဖလား လက်ခံယူပြီးမှ သိခွင့်ရခဲ့တာဖြစ်ကြောင်း၊ ကာမိုနာရဲ့ မိသားစုနဲ့ထပ်တူ အခုဆုံးရှုံးမှုအတွက် ကြေကွဲရသလို စပိန်အတွက် သမိုင်းသစ် ဖန်တီးပေးခဲ့တဲ့ ကာမိုနာ အတွက်လည်း ဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
စပိန်ဟာ ကမ္ဘာ့ဖလားမှာ ၇ ပွဲ ကစားခဲ့ပြီး ကာမိုနာက ၅ ပွဲထိ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ကာမိုနာရဲ့ မိသားစုဟာ အပူရုပ်ကို ဟန်လုပ်ဖုံးကွယ်ရင်း မိခင်နဲ့ မောင်တွေ၊ အစ်ကိုတွေက သူ့ရဲ့ ဗိုလ်လုပွဲကို အားပေးဖို့ ဩစတြေးလျထိ အရောက်လာခဲ့ကြတယ်လို့လည်း သိရပါတယ်။
Ref: BBC