ကမ္ဘာ့ချန်ပီယံ လက်ရွေးစင် အမျိုးသမီး အသင်းနဲ့အတူ စပိန်ဘုရင့်မိဖုရား အောင်ပွဲခံ

သြဂုတ်၊ ၂၁

အမျိုးသမီး လက်ရွေးစင် အသင်းရဲ့ သမိုင်းဝင် ကမ္ဘာ့ဖလား အောင်မြင်မှုမှာ စပိန် ဘုရင့် မိဖုရားကိုယ်တိုင် အတူပါဝင် အောင်ပွဲခံခဲ့ပါတယ်။

ဩဂုတ် ၂၀ ရက်က ဩစတြေးလျ နိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ စပိန်က အင်္ဂလန်ကို ၁-၀ နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ စပိန်ဟာ ပြိုင်ဘက်အသင်းအပေါ် ခြေစွမ်းအရရော၊ နည်းစနစ်ပိုင်းမှာပါ အသာစီး ယူခဲ့ပြီး ၁-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်း ဘောလုံးကလပ် ဘာစီလိုနာရဲ့ အမျိုးသမီးအသင်း တဟုန်ထိုး တိုးတက်လာမှုဟာ စပိန် လက်ရွေးစင် အသင်းကိုပါ ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေခဲ့ပါတယ်။ ဘာစီလိုနာကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ စပိန်အသင်းဟာ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ခဲ့တဲ့ ၇ ပွဲမှာ ရလဒ်ပိုင်းအရ အရေးမပါတော့တဲ့ အုပ်စုအပိတ် ပွဲစဉ် တခုကလွဲလို့ ကျန်တဲ့ ၆ ပွဲစလုံး အနိုင်ရခဲ့ပါတယ်။ အခုနှစ် မတိုင်ခင် အရင် ကမ္ဘာ့ဖလား ဖြတ်သန်းမှုတွေကို ပြန်ကြည့်ရင်တော့ စပိန် အမျိုးသမီး အသင်းဟာ စုစုပေါင်း နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့ဖူးပါတယ်။

အင်္ဂလန်ကို အနိုင်ရပြီးတဲ့ အချိန်မှာတော့ စပိန် ဘုရင့်မိဖုရား လက်တီဇီရာဟာ အသက် ၁၆ နှစ်အရွယ် သမီးငယ် အင်ဖန်တာ ဆိုဖီယာနဲ့အတူ အမျိုးသမီး လက်ရွေးစင် ဘောလုံးမယ်တွေဆီ သွားရောက် ဂုဏ်ပြုရင်း အတူအောင်ပွဲခံခဲ့ကြပါတယ်။ သူဟာ ပြိုင်ပွဲကိုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ အကြီးအကဲဖြစ်သူ ဂီယန်နီ အင်ဖန်တီနို၊ စပိန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့အတူ အထူးတန်းကနေ အားပေးခဲ့ပါတယ်။

လက်တီဇီရာက သူ့နိုင်ငံရဲ့ ကိုယ်စားပြု အမျိုးသမီး အသင်းဟာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တယ်လို့ ယုံကြည်ကြောင်း မီဒီယာတွေကို ပြောပါတယ်။ ကမ္ဘာ့ဖလား အောင်မြင်မှုနဲ့အတူ စပိန်ဘောလုံးလောကမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုမိုအားကောင်းလာဖို့ မျှော်လင့်တယ်လို့လည်း ဘုရင့် မိဖုရားက ဆိုပါတယ်။

စပိန် တော်ဝင် မိသားစုကလည်း Twitterကနေ နာမည်ပြောင်းလိုက်တဲ့ လူမှုကွန်ရက် မီဒီယာ Xပေါ်မှာ စပိန် လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဗိုလ်စွဲမှုကို ဂုဏ်ပြုထားခဲ့ပါတယ်။ စပိန်အတွက် သမိုင်းသစ် ရေးပေးတဲ့ အမျိုးသမီး လက်ရွေးစင် အသင်းကို ပြည်သူတွေနဲ့ထပ်တူ ကျေးဇူးတင်ပါတယ်လို့ တော်ဝင်မိသားစုက ထုတ်ပြန်ပါတယ်။

တဖက်မှာတော့ ဗြိတိန် အိမ်ရှေ့မင်းသား ဝီလျံက အောင်ပွဲရ စပိန် အသင်းကို Xကနေ ဂုဏ်ပြုခဲ့ပြီး အင်္ဂလန် အမျိုးသမီး အသင်းဟာလည်း နိုင်ငံဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ရေးသားထားပါတယ်။ ဝီလျံဟာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး ဗိုလ်လုပွဲကို ကိုယ်တိုင် တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်လို့ အတော်လေး ဝေဖန် ခံခဲ့ရပါသေးတယ်။ ဒီအတွက်လည်း သူက အသင်းကိုရော၊ ပရိသတ်တွေကိုပါ ရည်ရွယ်ပြီး တောင်းပန်ခဲ့ပါသေးတယ်။

အင်္ဂလန်ဟာလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဆုဖလား ဆွတ်ခူးနိုင်ဖို့ အားခဲထားပေမယ့် လက်တကမ်း အကွာထိ နီးစပ်ခဲ့ပြီးမှာ မျှော်လင့်ချက်တွေနဲ့ ဝေးကွာသွားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် အမျိုးသမီး အသင်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ ရှိလာခဲ့သလို မနှစ်ကလည်း ဥရောပ တံခွန်စိုက် ဖလားပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

 

Ref: CNN