အရာတော်မှာ စစ်ကောင်စီတပ်သားတွေ PDF ဝတ်စုံဝတ်ပြီး စစ်ကြောင်းထိုးနေ

သြဂုတ်၊ ၂၀
 
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဒေသကာကွယ်ရေးတပ် PDF ဝတ်စုံတွေကို ဝတ်ပြီး စစ်ကြောင်းထိုးတာတွေနဲ့ စစ်အင်အားတိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
 
ဒီကနေ့ ဩဂုတ် ၂၀ ရက်မှာလည်း အရာတော်မြို့နယ်ထဲက ထနောင်းပင်ကျေးရွာ နားက ရေနံဖိုလမ်းခွဲ နဲ့ ရွှေဂူဖြူဘုရား နားမှာ PDF ဝတ်စုံတွေ ဝင်ဆင်ထားတဲ့ စစ်သားနဲ့ အမျိုးသမီးတွေပါဝင်တဲ့ အင်အား ၃၀ လောက်ကို စစ်ကောင်စီတပ်ကားတွေနဲ့ ပို့ဆောင်သွားတယ်လို့ ဒေသတွင်း အရာတော်ပိုစ့် ကလည်း ထုတ်ပြန်ထားပါတယ်။
 
“ အရာတော်နယ်ထဲမှာ သူတို့ (စစ်ကောင်စီတပ်)က မကြာခဏဆိုသလို အဲဒီလို PDF ဝတ်စုံတွေဝတ်ပြီး ပုံမှားရိုက်ပြီးတော့ စစ်ကြောင်းထိုးတာတွေ ရှိတယ်။ ဒီနေ့လည်း မုံရွာဘက်ကနေ စစ်ကားနှစ်စီးနဲ့ ထနောင်းဝင်းရွာနားမှာ PDF ဝတ်စုံတွေဝတ်ပြီး အမျိုးသမီးတွေနဲ့ စကစ တပ်သား အင်အား ၃၀ လောက် လာချသွားတယ် ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
 
အဆိုပါ PDF ဝတ်စုံဝတ်ဆင်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ-အရာတော် လမ်းပေါ်မှာ သွားလာနေတဲ့ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် မုံရွာ ကျောက်ကာ တောင်ရွာဘက်ကို ဝင်ရောက်သွားတယ်လို့လည်း ဆက်သိရပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ အရာတော်မြို့နယ်ထဲကို စစ်ကြောင်းထိုးရာမှာ PDF ဝတ်စုံတွေ ဝတ်ဆင်ပြီး စစ်ကြောင်းထိုးမှုတွေကိုလည်း အရင်ကတည်းက လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
 
“ ဒီကောင်တွေ (စစ်ကောင်စီတပ်)က ရွာတွေထဲကို ဝင်လာပြီဆိုရင် PDF ဝတ်စုံတွေ တွေ့ရင် ယူသွားတယ်။ ယူပြီးတော့ အဲဒီ PDF ဝတ်စုံဝတ်ပြီး ရွာတွေထဲကို ဝင်သလို လမ်းကြောင်းတလျှောက်ကိုလည်း ဝတ်သွားတာတွေ ရှိတယ်။ ဘာကြောင့် ဒီလိုလုပ်လဲဆိုရင် သူတို့ရဲ့ စစ်ရေးဗျူဟာတခုအရ လုပ်တာပေါ့။ အဲဒီ ဝတ်စုံတွေဝတ်ပြီး ပုံမှားရိုက်တဲ့သဘောလည်း ပါတာပေါ့ ” လို့ အရာတော်မြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်တွေက PDF ဝတ်စုံတွေ ဝတ်ဆင်ပြီး ကျေးရွာတွေကို ဝင်ရောက်ရာမှာ ဒေသခံအချို့က ကာကွယ်ရေးအဖွဲ့တွေ ဝင်လာတယ်လို့ အထင်အမြင်မှားယွင်းတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
 
လက်ရှိမှာ အရာတော်-မုံရွာ လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ခြေရှုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လမ်းအသုံးပြုမှုကို ယာယီရပ်နားထားပေးဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – အရာတော်မြို့ လမ်းပေါ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်တွေ (ပုံဟောင်း)။