ဒီပဲယင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ ဒေသခံသောင်းချီ စစ်ရှောင်ရ

သြဂုတ်၊ ၂၀
 
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်းကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၉ ရက် မနေ့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ဒေသခံ သောင်းချီ စစ်ဘေးရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
“ မနေ့က မနက်ပိုင်း စိုင်းပြင်ကနေ ဒီပဲယင်းအနောက်ခြမ်းကို စစ်ကြောင်း ထိုးလိုက်တာ။ မနေ့က မနက် စိုင်ပြင်က ထွက်လာတော့ ပျံကျရွာ သိမ်တော်ကျောင်းဆောင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်တယ်။ ဒီစစ်ကြောင်းက အရင်က ဒီပဲယင်း၊ ရေဦး ထိုးနေကျ ခမရ (၇၀၈)၊ (၇၀၂) မဟုတ်ဘူး “ လို့ ရေဦးအခြေပြု Pepole’s Defence Comrade ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား)က ပြောပါတယ်။
 
အဲဒီ စစ်ကြောင်းကြောင့် ဂွေးပင်ကုန်း၊ မင်းတဲကုန်း၊ ကျခတ်၊ ပျံကျ၊ မကျည်းစောက်၊ နှဘဲလှ၊ ပုဂံ ၊ လက်တီး၊ နှောပင်၊ ခွန်တောင်း၊ ယင်းတွေ၊ ငြိမ်းချမ်း နဲ့ မဲသည် အပါအဝင် အနီးအနား ကျေးရွာက ဒေသခံသောင်းချီ စစ်ရှောင်ခဲ့ရပေမယ့် တချို့တဝက်တော့ ပြန်ဝင်နေကြပြီလို့ သိရပါတယ်။
 
ဘုတလင်နယ်ထဲက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ်လ ၁၉ ရက် ညနေပိုင်းမှာ စိုင်းပြင်ကနေ ဒီပဲယင်းအနောက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့လို့ စစ်ရှောင်အမျိုးသားတဦး ခြေထောက်ထိမှန် ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
 
လက်ရှိမှာ အဆိုပါစစ်ကြောင်းဟာ ဒီပဲယင်းနယ်ထဲကို ပြန်ဝင်သွားတာကြောင့် စစ်ကြောင်းနဲ့ ဝေးတဲ့ ရွာတွေ ပြန်ဝင်နေကြပေမယ့် ဒီပဲယင်းဖက်က ရွာတွေက ဒေသခံတွေကတော့ စစ်ရှောင်ခဲ့ရတယ်လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။
 
“ စစ်ကြောင်းက မနေ့က ညကတည်းက ဒီပဲယင်း ပြန်ဝင်သွားတယ်။ မနေ့က ဘယ်ရွာမှတော့ ဝင်ပြီး ဒုက္ခပေးတာ မရှိပေမယ့် ဒီစစ်ကြောင်းက ဒီပဲယင်းကနေ ရေဦး၊ ခင်ဦး ဘက်အထိ စစ်ကြောင်းထိုးလာနိုင်ချေ ရှိတယ်။ စစ်ကြောင်းနဲ့ ဝေးတဲ့ ရွာတွေတော့ ပြန်ဝင်နေတယ်။ ဒါပေမယ့် ဒီပဲယင်းဖက်ကတော့ စစ်ရှောင်နေရတာပေါ့ “ လို့ ဆက်ပြောပါတယ်။
 
လက်ရှိမှာ ရေဦး၊ ဒီပဲယင်းနယ် ထဲကို စစ်ကောင်စီက မကြာခဏဆိုသလို စစ်ကြောင်းထိုးနေပြီး စစ်ရှောင်ဦးရေ များလာတာကြောင့် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း သိရပါတယ်။
 
” စစ်ကောင်စီက ခဏခဏ စစ်ကြောင်းထိုးနေတော့ စစ်ရှောင်တွေက ပိုပိုများများလာတယ်။ ကျွန်တော်တို့လည်း ကူညီနေပေမယ့် အကူညီက ပိုပိုလိုလာတယ်။ လူဦးရေများလာတော့ နေရေးထိုင်ရေး စားရေးသောက်ရေး အခက်ခဲက ပိုများလာတယ် ” လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။
 
ဓာတ်ပုံ​ – ဒီပဲယင်းမြို့နယ် ညီနောင်များ