သြဂုတ် ၊ ၂၀
မန္တလေးတိုင်း၊ အင်းဝမြို့ဟောင်းက နှစ်နှစ်ရာကျော် သက်တမ်းရှိ မဟာဇေယျပထတံတား ဒေသအခေါ် ဦးအိုတံတားဟာ ယိုယွင်းနေပြီး အချိန်မှီ ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ ရှေးဟောင်းသုတေသီတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
အင်းဝဘက်မှာရှိတဲ့ သဲထုတ်လုပ်မှု လုပ်ကွက်တွေကနေတဆင့် တံတားဦးဘက်ကို သဲသယ်ယူတဲ့ကားတွေရဲ့ တန်ပိုတင်ဆောင်ပြီး အရှိန်ပြင်းပြင်းနဲ့ ဖြတ်သန်းသွားလာမှုကြောင့် တံတားကို အဓိက ထိခိုက်နေပြီး သက်ဆိုင်ရာ ဌာနတွေကလည်း တံတားကို လိုအပ်တဲ့ ထိန်းသိမ်းမှုတွေ မလုပ်ကြဘူးလို့ သိရပါတယ်။
“နံပါတ်တစ်ကတော့ သဲကားတွေက တန်ပိုတင်တာ။ ပြီးရင် သက်မှတ် အမြန်နှုန်းထက် ကျော်လွန်ပြီး အရှိန်နဲ့မောင်းတာ။ အဲလိုမောင်းတော့ အဲကထွက်လာတဲ့ Vibration(တုန်ခါမှု)တွေက ဒီတံတားကို ထိခိုက်တယ် တံတားကလည်းဆွေးနေတော့ အဲလိုဖြတ်တာကို ခံနိုင်မှုက တဖြည်းဖြည်းလျော့လာတယ်” လို့ ရှေးဟောင်းသုတေသီတဦးဖြစ်သူ ကိုသူရအောင်က DNA ကို ပြောပါတယ်။
ဦးအိုတံတားခေါ် မဟာဇေယျပထတံတားကို ဘကြီးတော်ဘုရားလက်ထက် ၁၉ ရာစုကတည်းက တည်ဆောက်ထားခဲ့တာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ သက်တမ်အရင့်ဆုံး တံတားတစင်းဖြစ်တယ်လို့ သိရပါတယ်။
တံတားဦးမြို့နဲ့ အင်းဝမြို့ဟောင်းကို ဆက်သွယ်ထားတဲ့ အဲဒီတံတားဟာ လက်ရှိ မိုင်ဝက်လောက် အရှည်ကျန်ရှိနေပြီး တံတားအစိတ်အပိုင်းတချို့ ဆွေးမြေ့လာနေလို့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ထဲရှိ သဲထုတ်လုပ်မှု လုပ်ကွက်တွေကနေတဆင့် သဲသယ်ယူနေတဲ့ ကားကြီးတွေဟာ အလေးချိန် ကိုးတန်လောက်အထိ တင်ဆောင်ပြီး အဲတံတားကို ဖြတ်သန်းသွားလာနေကြပေမယ့်လမ်းဦးစီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနနဲ့ တခြားသက်ဆိုင်ရာဌာန တာဝန်ရှိသူတွေက အဲဒါကို အရေးယူဆောင်ရွက်တာမျိုးမရှိဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။
“တံတားခံနိုင်ဝန်ကို ကြည့်ပြီးတော့ ခံနိုင်ဝန်ထက်အောက်ကျတဲ့ တန်ပိုမျိုးကိုပဲ သူတို့ခွင့်ပြုရမှာ။ သုံးတန်အထက်လား ဒါမှမဟုတ် သုံးတန်အထိလား သုံးတန်အောက်လားဆိုတာမျိုးပေါ့။ ဒီတံတားရဲ့ ကြံ့ခိုင်မှုက ဘယ်လောက်အထိ လျော့သွားပြီဆိုတဲ့ဟာ စစ်ဆေးချက်တွေ လုပ်ပြီးတော့မှ အဲဒါမျိုးတွေ သက်မှတ်ရမှာ” လို့ ကိုသူရအောင်က ပြောပါတယ်။
ဥပဒေအရတော့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ထိခိုက်ပျက်စီးနိုင်တဲ့ ရှေးဟောင်းအဆောက်အုံတွေရှိရာ နေရာတွေမှာ သုံးတန်ထက် မပိုတဲ့ ယာဉ်တွေကိုသာ ဝင်ထွက်သွားလာခွင့်ပြုတာလို့ သိရပါတယ်။
“တန် သတ်မှတ်ချက်နဲ့တင် မပြီးသေးဘူး။ အမြန်နှုန်း ဘယ်လောက်နဲ့ပဲ မောင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်းရှိရတယ်။ အဲဒါမျိုးတွေကို ထိထိရောက်ရောက်မလုပ်တာ၊ အဲလို သတ်မှတ်ရမယ်ဆိုတဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေလည်း ရှိပြီးသား မလုပ်တာပေါ့” လို့လည်း ကိုသူရအောင်က ပြောပါတယ်။
ဦးအိုတံတားတည်နေရာအပါအဝင် အင်းဝမြို့ဟောင်းကို ၁၉၉၆ ခုနှစ်မှာ ယူနက်စကို(UNESCO)က ကမ္ဘာ့အမွေအနှစ်အဖြစ် ပဏာမသတ်မှတ်ခဲ့ပြီး အဲဒီနောက်ပိုင်းကနေ အခုထိတော့ အတည်ပြုသတ်မှတ်တာမျိုး မလုပ်သေးပါဘူး။
ရှေးဟောင်းသုတေသီ ကိုသူရအောင်ကတော့ ဦးအိုတံတားကို မပျက်စီးအောင် တံတားကို စစ်ဆေးပြီး လိုအပ်တဲ့ ထိန်းသိမ်းမှုတွေလုပ်တာ၊ ဥပဒေတွေအတိုင်း ကာကွယ်တာတွေ လုပ်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ပြောပါတယ်။
“ရှေးဟောင်းဇုန်တွေကို စောင့်ရှောက်ဖို့ ပြဌာန်းထားတဲ့ ဥပဒေတွေအတိုင်း ကာကွယ်ဖို့လိုတာပေါ့။ ပြီးရင် တံတားကို စစ်ဆေးပြီး လိုအပ်တာတွေ လုပ်ရမယ်။ အင်ဂျင်နီယာလုပ်ငန်းတွေပေါ့။ နောက်တခုက ဒေသခံတွေကိုလည်း တံတားရဲ့ အရေးပါပုံတွေနဲ့ ပတ်သက်ပြီး ပိုသတိပြုအောင် လှုံ့ဆော်တာတွေ လုပ်ဖို့လိုတယ်” သူက ပြောပါတယ်။
Photo – CJ