ပုလဲမှာ နှစ်သောင်းတန်ငွေစက္ကူကို တရားမဝင်ငွေကြေးသတ်တ်မှတ်ပြီး သုံးစွဲခွင့်တားမြစ်

သြဂုတ် ၊ ၂၀

စစ်ကိုင်းတိုင်း၊ ပုလဲနယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်က အသစ်ထုတ်ဝေလိုက်တဲ့ ငွေစက္ကူနှစ်သောင်းတန်ကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ပြီး သုံးစွဲတာကို ခွင့်မပြုဘူးလို့ မြို့နယ်၊ပြည်သူအုပ်ချူပ်ရေး(ပအဖ)အဖွဲ့က ကိုဇော်ထက်က ပြောပါတယ်။

“ ကျနော်တို့ NUG အစိုးရရဲ့ ဗဟိုဘဏ်ကလည်း ဒီနှစ်သောင်းတန်ကို လက်မခံဘူးဆိုတာ ထုတ်ပြန်ထားပြီးသားလေ။ ပုလဲနယ်က NUG အစိုးရရဲ့ စိုးမိုးနယ်မြေဖြစ်တဲ့အတွက် နှစ်သောင်းတန်က ပစ္စည်းဝယ်ယူတာတွေ ငွေကြေးလဲလှယ်တာတွေကို ခွင့်မပြုဘူးပေါ့။ ဒါကိုမထိန်းချူပ်နိုင်ရင် နောက်ပိုင်း ဒီငွေတွေဟာ တရားမဝင်ပါဘူးဆိုရင် ကျွန်တော်တို့ ပြည်သူပဲ နစ်နာမှာလေ။ ပြည်သူတွေ လုပ်အားခတွေပဲ ဆုံးရှုံးမှာ ဒါကြောင့် ကြပ်ကြပ်မတ်မတ်လုပ်ရတဲ့ သဘောပါ ” လို့ ပုလဲမြို့နယ်(ပအဖ)က ကိုဇော်ထက်က ဆိုပါတယ်။

စစ်ကောင်စီထုတ်ဝေမယ် ့နှစ်သောင်းတန်ငွေစက္ကူကို အသိအမှတ်ပြုမှာ မဟုတ်သလို တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ပုလဲမြို့နယ် ပြည်သူအုပ်ချူပ်ရေးအဖွဲ့က ဒီလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ အဖက်ဖက်က အကြပ်အတည်းဆိုက်နေချိန် လိုအပ်နေတဲ့ ဘဏ္ဍာငွေကို ငွေစက္ကူအသစ်ရိုက်ထုတ်ပြီး ဖြည့်တင်းတာဖြစ်သလို အဲဒီလိုလုပ်ရပ်တွေကြောင့် ငွေကြေးဖောင်းပွမှုတွေဖြစ်ပေါ်စေပြီး ပြည်သူလူထုရဲ့ လုပ်အားနဲ့ စုစောင်းထားတဲ့ငွေတွေကို တဖက်လှည့်နဲ့ ခိုးယူခြင်းဖြစ်တယ်လို့ ပုလဲ( ပအဖ )အဖွဲ့က ဆိုထားပါတယ်။

ဒါအပြင် စစ်ကောင်စီကထုတ်ဝေထားတဲ့ နှစ်သောင်းတန် ငွေစက္ကူကို ပုလဲနယ်အတွင်း ငွေကြေးလဲလှယ်ခြင်း၊ ဖြန့်ဝေခြင်း၊ ကုန်စည်အရောင်းအဝယ်ပြုလုပ်ခြင်း သုံးစွဲခြင်းကို လုံးဝ ခွင့်မပြုဘူးလို့လည်း  ထုတ်ပြန်ထားပါတယ်။

“ ကုန်ရောင်း ကုန်ဝယ်လုပ်ရတဲ့ ပြည်သူတွေလည်းရှိတယ်လေ ။ဟိုဖက်ကထုတ်ပေးလိုက်တာ နှစ်သောင်းတန်ဆိုရင် မဖြစ်မနေ ယူလာရမယ် ကိစ္စတွေရှိတယ်လေ ။သူတို့ လုပ်အားခ ရင်းနှီးမြုပ်နံငွေဆိုတော့ ကျနော်နယ်မှာ တွေ့ရင်တော့ မသိမ်းဘူး ။စစ်ကောင်စီစိုးမိုးနယ်မြေမှာသွားသုံး ကျနော်ဆီမှာတော့ ဒီငွေသုံးလိုမရဘူး။ ကိုင်ဆောင်ခွင့်တော့ ရမယ်ပေါ့ဗျ။ ဒါပေမယ့် သုံးစွဲတာ ငွေကြေးလဲလှယ်တာတော့ လုပ်ရမှာမဟုတ်ဘူး ” လို့ ကိုဇော်ထက်ကဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ကြားကာလ ဗဟိုဘဏ်က စစ်ကောင်စီကထုတ်ဝေတဲ့ အဆိုအဲဒီနှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင်ငွေကြေးအဖြစ်သတ်မှတ်ကြောင်း ဇူလိုင်လ ၂၇ ရက်က ထုတ်ပြန်ထားပါသေးတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ရဲ့ သဘောထားကို ပြည်သူတွေအနေနဲ့  လိုက်နာရမှာဖြစ်သော်လည်း ငွေကြေးအဆင်ပြေသူတွေအနေနဲ့ နှစ်သောင်းတန်ငွေစက္ကူအစား အခြားငွေကြေးနဲ့ ပြောင်းလဲသုံးစွဲနိုင်ပေမယ့် အခြေခံလူတန်းစားတွေအတွက် အခက်အခဲဖြစ်လာနိုင်မယ်လို့ ပုလဲဒေသခံတဦးကဆိုပါတယ်။

“ ငွေကြေးမသိမ်းဘူး ဆိုရင်တော့ ကောင်းတာပေါ့ ။ဘာပဲပြောပြော လိုရှာထားတဲ့ ကိုယ်ငွေကြေးဆိုတော့လေ မသုံးရဘူးဆိုတော့လည်း မသုံးဘဲနေရုံရှိတာပေါ့နော် ။သူတို့ပြောသလိုပဲ တခြားသုံးရမယ်နေရာမှာပဲသုံးပေါ့ ။ဒါပေမယ့်လည်း ဒီလိုထုတ်ပြန်ထားတယ်ဆိုရင်တော့ လူတွေကလည်း ယူရဲမှာမဟုတ်ဘူးသေချာတယ် ။ပေးတဲ့သူရှိတောင် တခြားပိုက်ဆံနဲ့လဲပေးပါပြောကြမှာပေါ့ ” လို့ သူကဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) စိုးမိုးထားတဲ့ တချို့မြို့နယ်တွေမှာ လည်းစစ်ကောင်စီက ထုတ်ဝေထားတဲ့  နှစ်သောင်းတန်ငွေစက္ကူကို သုံးစွဲခွင့်မပြုဘူးလို့ ကန့်သတ်ထားတာတွေလည်းရှိပါတယ်။