“ဘာမှမမျှော်လင့်ပါနဲ့”ဇာတ်ကားကြောင့် ဖမ်းဆီးခံရသူတွေ ဘယ်သူတွေလဲ

သြဂုတ် ၊ ၁၉

အွန်လိုင်းပေါ်မှာလွှင့်တင်ဖော်ပြခဲ့တဲ့ ရုပ်သံဇာတ်လမ်းတခုကြောင့် စစ်ကောင်စီက ဖမ်းဆီးသွားသူတွေထဲ မန္တလေး မြို့ အောင်မြေသာစံမြို့နယ်က ဖောင်တော်ဦးဘုန်းတော်ကြီးသင်အထက်တန်းကျောင်းက သံဃာ တပါးနဲ့ ကျောင်း သားတချို့လည်းပါဝင်တယ်လို့ အဲ့ဒီကျောင်းနဲ့ နီးစပ်သူတွေက DNAကို ပြောပါတယ်။

အွန်လိုင်း ပလက်ဖောင်းတခုဖြစ်တဲ့ youtube ချန်နယ်မှာ လွှင့်တင်ဖော်ပြခဲ့တဲ့ ရုပ်သံဇာတ်လမ်းတခုနဲ့ ပတ် သက် ပြီး သာသနာညှိုးနွမ်းစေတယ်လို့ဆိုကာ ဆွစ်ဇာလန်နိုင်ငံသားတဦးအပါအဝင်စုစုပေါင်း၁၄ဦး ကိုဖမ်း ဆီးထားတယ် လို့ စစ်ကောင်စီထုတ်ပြန်ထားတာပါ။

“ပထမဆုံးညပိုင်းမှာ (ဇာတ်ကား)ရိုက်တဲ့ဒါရိုက်တာရသေ့နဲ့ ဦးပဥ္ဇင်းနဲ့ကိုလာဖမ်းတယ်၊ပြီးတော့နောက်ရက်ကျမှ ကျန်တဲ့ က လေးနဲ့ ဗီဒီယိုထဲမှာပါတဲ့လူတွေကို လာဖမ်းတာ”လို့ ဖမ်းဆီးခံရမှုအခြေအနေတွေကိုသိတဲ့ အောင်မြေသာစံ မြို့ခံ တဦး ကပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ Isi Dhamma လို့အမည်ပေးထားတဲ့ youtube ချန်နယ်မှာ ဇူလိုင် ၂၄ရက်က စတင် ဖော်ပြခဲ့ တဲ့ “ဘာမှမမျှော်လင့်ပါနဲ့(Don’t expect anything)”အမည်ရ ရုပ်သံဇာတ်လမ်းကို ရိုက်ကူးသူ၊ ပါဝင်သရုပ်ဆောင် ခဲ့သူတွေလို့ စစ်ကောင်စီက ဖော်ပြပေမယ့် ဖောင်တော်ဦး ဘကကျောင်းနဲ့ ပတ်သက်သူ တွေဆိုတာကိုတော့ ဖော်ပြ မထားပါဘူး။

အဲ့ဒီဇာတ်လမ်းကို ဇာတ်ညွှန်း၊ဒါရိုက်တာ အဖြစ်ရိုက်ကူးခဲ့သူလို့ စစ်ကောင်စီက ဖော်ပြထားတဲ့ ဆွစ်ဇာလန်နိုင် ငံ သား အသက် ငါးဆယ်ကျော်အရွယ်အမျိုးသားဟာ မြန်မာနိုင်ငံမှာ နေထိုင်တာ ၂၇နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပြီး ဖောင်တော်ဦးကျောင်းမှာလည်း နေထိုင်တရားအားထုတ်လေ့ရှိတယ်လို့သိရပါတယ်။

“သူက မြန်မာပြည်မှာ နေတာ ၂၇ နှစ်လောက်ရှိပြီ၊ တခြားကျောင်းမှာလည်းနေတယ်၊ ဒီမှာ တရားအားထုတ်ရင် ဒီမှာနေတာပေါ့၊ တခါတလေ နိုင်ငံခြားနဲ့ ဒီကို ပြန်လိုက်လာ လိုက် ပါပဲ” လို့ အဲ့ဒီကျောင်းနဲ့ နီးစပ်သူတဦးက ပြော ပါတယ်။

အဲ့ဒီဆွစ်ဇာလန်နိုင်ငံသားရဲ့ Isi Dhamma youtube ချန်နယ်မှာ လွန်ခဲ့တဲ့ ကိုးနှစ်ကစတင်ကာ ရုပ်သံဇာတ်လမ်း တွေစတင်ဖော်ပြခဲ့ပြီး ဇာတ်လမ်းတွေထဲမှာဖောင်တော်ဦးကျောင်းက ကျောင်းသား၊ကျောင်းသူတချို့ပါဝင်သရုပ် ဆောင်လေ့ရှိတယ်လို့ ကျောင်းနဲ့နီးစပ်သူတဦးကပြောပါတယ်။

အဲ့ဒီချန်နယ်က နောက်ဆုံးလွှင့်တင်ဖော်ပြခဲ့တဲ့ “ဘာမှမမျှော်လင့်ပါနဲ့”ဇာတ်လမ်းကိုတော့ လူမှုကွန်ရက်ပေါ်မှာ ထောက်ခံသူတွေရှိသလို ဝေဖန်သူတွေလည်းရှိခဲ့ပြီး စစ်ကောင်စီကတော့ ဗုဒ္ဓသာသနာနဲ့ သံဃာတွေအပေါ် အထင် အမြင်လွဲမှားစေဖို့ဖန်တီးပုံဖော်ထားတာလို့ စွပ်စွဲထားပါတယ်။

“ဗမာစကားကို မကျွမ်းကျင်တော့ အဲဒီလိုမျိုး ဖြစ်သွားတယ်လို့ထင်တယ်၊စိတ်ကောင်းနှလုံးသားကတော့ အပြည့် အဝရှိတဲ့သူလို့ သိထားပါတယ်၊ဘာသာပြန်စာအုပ်တွေလည်း ရေးတယ်၊ သက်သက်လွတ်လည်း စားတယ်၊ တရား လည်း အားထုတ်ပါတယ်၊စကားလုံးအသုံးအနှုန်းမတတ်လို့ ဖြစ်မယ်ထင်ပါတယ်၊ကျောင်းက ဦးဇင်းတပါးကလည်း ဒီလိုစကားလုံးတွေပါတာ မပြောဘူး၊ သူလည်း အ,တာလည်း ပါတာပေါ့” လို့ ဖောင်တော်ဦးဘက ကျောင်းနဲ့ နီးစပ် သူက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၁၄ဦးထဲမှာ ဖောင်တော်ဦးကျောင်းတိုက်နဲ့ မသက်ဆိုင်သူတချို့လည်း ပါဝင်တယ်လို့ သိရပေမယ့် အဲ့ဒီကျောင်းမှာ နေထိုင်သူဘယ်နှဦးပါဝင်တယ်ဆိုတာတော့ အတိအကျမသိရပါဘူး။

ဖမ်းဆီးခံရသူတွေထဲပါဝင်တဲ့ ဖောင်တော်ဦးဘက ကျောင်းက သံဃာ ဦးဇာနိန္ဒကတော့ အဲ့ဒီကျောင်းမှာ သီတင်း သုံးနေထိုင်လာတာဆယ်စုနှစ်တခုကျော်ကြာနေပြီဖြစ်ပြီး လက်ရှိမှာကျောင်းသားတွေကို စာသင်ပေးနေတဲ့ သံဃာ တပါးလည်းဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး စစ်ကောင်စီကဖမ်းဆီးခဲ့သူတွေမှာ အသက် ၁၂အရွယ် မိန်းကလေးငယ်တဦးလည်း ပါဝင်ပြီး အဲ့ဒီကလေးငယ်ရဲ့ ဓာတ်ပုံမှတ်တမ်းကိုပါ စစ်ကောင်စီက ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။ဒီလိုဖော်ပြတာဟာ ကလေးသူငယ်ဥပဒေပြဌာန်းချက်တွေနဲ့တော့ ဆန့်ကျင်နေပါတယ်။

စစ်ကောင်စီက စုစုပေါင်း လူ ၁၄ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှတ်တမ်းမှာတော့ ၁၁ဦးကို သာတွေ့ရပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်က ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းမှာ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ခုနစ်ထောင်လောက်ကိုသင်ကြားပေးနေပြီး အခုလို ဖမ်းဆီးခံရမှုကြောင့် ကျောင်းနဲ့ပတ်သက်လို့ နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာမှာစိုးရိမ်နေကြတယ်လို့ ကျောင်းနဲ့နီးစပ်သူက ပြောပါတယ်။