မိုင်းဆွဲခံရပြီးနောက် ရန်ကုန်-မန္တလေးရထား ပြေးဆွဲမှုယာယီရပ်နား၊ ကင်းပုန်းချပြီးပြုပြင်နေ

 

သြဂုတ် ၊ ၁၉

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှာ မနေ့ကကုန်တင်ရထားမိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ရထားလမ်းပိုင်းပျက်စီးခဲ့ပြီးနောက် ရန်ကုန်-မန္တလေး ရထားပြေးဆွဲမှုကို ဩဂုတ် ၂၀ရက်အထိ နှစ်ရက်ကြာ ရပ်နားထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ နေရာမှာ ရထားသံလမ်း ပြန်လည်ပြုပြင်မှုတွေလုပ်နေတာကြောင့် ရထားပြေးဆွဲမှုကို ယာယီရပ်နားထားတာဖြစ်ပြီးစစ်ကောင်စီတပ်တွေကကင်းပုန်းတွေချပြီးလမ်းပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြန်မာ့မီးရထား ဝန်ထမ်းတွေကပြောပါတယ်။

“အခင်းဖြစ်ပြီးတာနဲ့ စစ်တပ်က ပဲခူးဘူတာတဝိုက်မှာ လုံခြုံရေးတွေအပြည့်ချထားတယ်၊မနေ့က ညနေပိုင်းပဲ အကြီးပိုင်းတကောင်လာသွားတယ်၊အသစ်ခန့်ထားတဲ့ ရထားဝန်ကြီးလို့သိရတယ်၊ အောက်ခြေဝန်ထမ်းတွေကို တော့သတင်းအတိအကျမပြောဘူး”လို့ မီးရထားဌာနက Non CDMဝန်ထမ်းတဦးကပြောပါတယ်။

မန္တလေးကနေရန်ကုနန်ကိုမောင်းနှင်လာတဲ့ကုန်တင်ရထားဟာ မနေ့ကမနက်ကိုးနာရီလောက်ကတောကျွဲ အင်းနဲ့ ကညွတ်ကွင်းအကြားမှာမိုင်းခွဲခံရပြီး ကုန်သေတ္တာတင်တွဲတချို့တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

ရထားမိုင်းခွဲခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့သလို စစ်ကောင်စီဒုတိယ ဝန်ကြီးချုပ်တဦးလည်းဖြစ် ပို့/ဆက်ဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးလည်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ မိုင်းခွဲခံရတဲ့နေရာတဝိုက်မှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေချပြီး လုံခြုံရေးယူပေးထား တယ်လို့လည်းဆိုပါတယ်။

မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တိမ်းမှောက်သွားတဲ့ကုန်တွဲတွေသယ်လာတဲ့ ပစ္စည်းတွေကိုတော့ ပဲခူးဘူ တာကနေ နောက်ထပ် ရထားတစီးပေါ် ပြန်လည်ရွှေ့ပြောင်းသယ်ယူတာ၊ ကားနဲ့ပြန်သယ်တာတွေလုပ်နေ တယ် လို့လည်း ဝန်ထမ်းတဦးကပြောပါတယ်။ “အခုထိလည်းစစ်တပ်လုံခြုံရေးတွေချထားပြီး၊ပစ္စည်းတွေပြန်သယ်နေတယ်၊တိုင်းအရာရှိတွေလည်းပြာယာခတ်နေတယ်”လို့သူကပြောပါတယ်။

အဲဒီမိုင်းကွဲမှုဖြစ်စဥ်ကြောင့် ရထားသံလမ်းဆိုးဆိုးရွားရွားပျက်စီးခဲ့လို့ အဲဒီလမ်းပိုင်းရထားပြေးဆွဲမှုကို ဩဂုတ် ၂၀ရက်အထိ ယာယီရပ်နားထားမယ်လို့သက်ဆိုင်ရာဘူတာရုံတွေမှာကြေညာထားပါတယ်။

အဲ့ဒီလို ပြေးဆွဲမှုယာယီရပ်နားထားမယ့်ရက်​တွေအတွက်ကြိုတင်လက်မှတ်ဝယ်ထားသူတွေကို လက်မှတ်ပြပြီး ငွေပြန်ထုတ်ပေးမယ်လို့လည်း မီးရထားဌာနက အသိပေးထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ရထားလမ်းကြောင်းတွေကို အသုံးပြုပြီး စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာတွေ သယ်ယူ ပို့ဆောင်နေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောထားပြီး ရထားလမ်းပိုင်းတချို့ မိုင်းဆွဲတိုက်ခိုက်ခံရ တာ တွေလည်း မကြာမကြာ ဖြစ်နေပါတယ်။