သြဂုတ် ၊ ၁၉
ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို-ဖရူဆို လမ်းမပေါ်မှာသြဂုတ် ၂ ရက်ကနေ ၁၄ ရက်အထိနှစ်ပတ်တာ တိုက် ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး၊ဒုတပ်ရင်းမှူးအပါအဝင် စုစုပေါင်း ခုနစ်ဆယ် ကျော် ထိခိုက် သေဆုံးခဲ့တယ်လို့ ကရင်နီဒေသပူးပေါင်းတပ်တွေက ဒီကနေ့ထုတ်ပြန်ပါတယ်။
“တပ်ပေါင်းစုသဏ္ဍန်နဲ့ကျွန်တော်တို့ သွားတာဖြစ်တဲ့အတွက် စည်းလုံးမှုအင်အားကကျွန်တော်တို့ ပိုသာတာ ပေါ့၊ ပြီးတော့ကျွန်တော်တို့က သွားတိုက်တာမျိုးမဟုတ်ဘဲ သူတို့က ထိုးစစ်ဆင်လာလို့ကျွန်တော်တို့ နယ် မြေထဲကို ဝင် လာတဲ့ ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘက်ကတော့ ပိုပြီးအားသာတာပေါ့” လို့ ပူးပေါင်းတပ် တာဝန်ရှိသူတဦးဖြစ်တဲ့ KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီက DNA ကို ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၃ က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၂၆ဦး၊တပ် မ ၅၅ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၁၁၂က၄၅ ဦးလောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီအရေအတွက်ဟာ ဒဏ်ရာရသူနဲ့ သေဆုံးသူတပေါင်းတည်းဖော်ပြထားတာဖြစ်ပြီး သေဆုံးတဲ့ အရေ အတွက် တွေကိုတော့ အတိအကျ အတည်မပြုနိုင်ဘူးလို့ ကရင်နီပူးပေါင်းတပ် တာဝန်ရှိသူ တွေက ပြောပါတယ်။
ဒါ့အပြင် ပခုံးထမ်းလောင်ချတလက်နဲ့ လက်နက်ငယ် မျိုးစုံ ၁၅လက်အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်၊ ကျည် ဆံနဲ့အသုံးအဆောင်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
“မြေပြင်အချက်အလက်နဲ့ တပ်တွင်း သတင်းအချက်အလက်ပေါင်းထားတာ၊ မြေပြင်မှာလည်း သူတို့ အလောင်း တွေ ပုံနေတဲ့ဟာနဲ့ တွက်ချက်လိုက်ရင်တော့ အဲဒီဝန်းကျင်မှာပဲ ရှိပါတယ်”လို့ ကိုမာဝီက ပြောပါတယ်။
အင်အားသုံးရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၂ ရက်မှာ ဒီးမော့ဆိုမြို့ဘက်ကနေ ဖရူဆိုမြို့ ဘက်ကို ခြေလျင်စစ်ကြောင်းထိုး ထွက်လာခဲ့ပြီး ဒီးမော့ဆို-ဖရူဆို ကားလမ်းမတလျှောက် ငွေတောင်ရွာသစ်၊ ထီးသော်ကူးရွာတွေဘက်မှာ သြဂုတ် ၁၄ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေးကြိမ်ထက်မနည်း လေကြောင်းသုံးတိုက်ခိုက်ခဲ့ပြီး လူအထိ အခိုက်မရှိပေမယ့် ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲတွေအတွင်းမှာတော့ ကရင်နီပူးပေါင်းတပ်တွေဖြစ်တဲ့ ကရင်နီတပ်မ တော် KA က ဒုဗိုလ်တဦး၊ KNDF က တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီးမော့ဆိုမြို့နဲ့ သုံးမိုင်လောက်အကွာ ထီးသော်ကူးရွာ ဘက်မှာပဲ ဆက်ရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ကရင်နီပူးပေါင်းတပ်တွေက ပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီကတော့ စစ်ကောင်စီတပ်တွေ ရှေ့ဆက်တိုး လာရင် တိုက်ပွဲပိုပြင်းထန်လာနိုင်ပြီး ထိခိုက်ကျဆုံးမှုလည်း ပိုများလာနိုင်တယ်လို့ ပြောပါတယ်။
“သူတို့ဆီကနေ လက်နက်ကြီးတွေ၊ ခဲယမ်းမီးကျောက်တွေလည်း သိမ်းဆည်းရမိထားတာတွေ ရှိတဲ့အတွက် ကြောင့်မို့လို့ ပစ်အားကလည်း နင်လားငါလား ပစ်လို့ရတဲ့အတွက်ကြောင့်မို့ သူတို့ဘက်က ဆက်တိုးမယ်ဆိုလည်း သူတို့ဘက်က အကျအဆုံးများမယ်ဆိုတာ မလွဲဧကန်ပါပဲ”လို့သူဆိုပါတယ်။
photo KNDF