လက်ပံတောင်း စီမံကိန်းအနီးကဒေသခံတွေရွှေ့ပြောင်းဖို့ ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီနဲ့ပူးပေါင်းဖိအားပေးနေ

သြဂုတ် ၊ ၁၉

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း အနီးမှာရှိတဲ့ ဝက်မှေးရွာ ဟောင်း အ တွင်းနေထိုင်သူတွေကိုတရုတ်ဝမ်ပေါင် ကုမ္ပဏီက စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး ဖိအားပေးရွှေ့ပြောင်း ခိုင်း နေ တယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။

ကြေးနီစီမံကိန်းဧရိယာကို တိုးချဲ့တဲ့အနေနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက အခုလအစောပိုင်းလောက်ကစတင်ပြီး ဝက်မှေးရွာဟောင်းကိုပါ စီမံကိန်းဧရိယာထဲထည့်ကာခြံစည်းရိုးခတ်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဒေသခံတွေ ကို လက်ရှိနေရာက ဖယ်ရှားခိုင်းနေတာပါ။

“နေ့ချင်းညချင်းကိုရွှေ့ခိုင်းတဲ့သဘောပဲ၊မရွှေ့ရင်မကောင်းဘူး၊မကောင်းဘူးပြောပြီး ကိုယ်ရှေ့လက်နက်တွေ ကျည် ထည့်ပြရတာနဲ့ ပစ်မှာလိုလို အခုပဲ ဘူဒိုဇာနဲ့ အိမ်တွေကော်ထုတ်တော့မလိုလို၊အဲလိုတော့လုပ် တာပေါ့၊ မရွှေ့ မချင်းကို မနေရဲအောင် ခြောက်လန့်နေတာ” လို့ ဒေသခံတဦးကပြောပါတယ်။

ဝက်မှေးရွာဟောင်းအတွင်းမှာ လက်ရှိအချိန်အထိ အိမ်ထောင်စု ၃၅ စုက လူဦးရေ နှစ်ရာဝန်းကျင် နေထိုင်နေ တာဖြစ်ပြီး အဲ့ဒီဒေသခံတွေကိုကုမ္ပဏီက ဆားလင်းကြီး-ညောင်ပင်ကြီးကားလမ်းရှေ့ဘက်မှာရှိတဲ့ ဝက်မှေးရွာ သစ်မှာပြောင်းရွှေ့နေထိုင်ကြဖို့ ဖိအားပေးနေတာပါ။

“အခုသူတို့အရင်တုန်းနေဖို့ သတ်မှတ်ထားတဲ့ အိမ်တွေဆိုတာကလည်း နေလို့မဖြစ်ဘူး၊ လူနေလို့ကို မရဘူး၊ အ ကုန်ယိုင်နေတာပဲ မီတာဘောက်မရှိတာတောင်မပေးဘူး၊သူများအိမ်ကသွယ်သုံးလို့ပြောတာ” လို့ ဒေသခံတဦးက ဆိုပါတယ်။

ဝက်မှေးရွာမှာ အရင်က အိမ်ထောင်စုတရာနီးပါးရှိခဲ့ပြီး ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေကို ရွာသစ်ဆီ ပြောင်း ရွှေ့နေရာချခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအထဲက အိမ်ထောင်စု ၃၅စုကတော့ မြေယာလျော်ကြေးကိုလက်မခံဘဲ ရွာ ဟောင်းမှာပဲဆက်လက်နေထိုင်နေကြတာလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ အဲဒီအိမ်ထောင်စု ၃၅ စုပိုင်ဆိုင်တဲ့ လယ်ယာမြေဧက တထောင်ကျော်လောက်ကို ဝမ်ပေါင်ကုမ္ပဏီက လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက မြေယာလျော်ကြေးအဖြစ် သတ်မှတ်ထားတဲ့ တဧက ကျပ်၁၈သိန်းနဲ့သာ ပေးလျော် မယ်လို့ ဆို ထားပါတယ်။

ဒါ့အပြင် အဲ့ဒီအိမ်ထောင်စု ၃၅ ခုအနက် ငါးခုကိုလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းကမှ တိုးချဲ့လာသူတွေဖြစ် တယ်ဆို တဲ့ အကြောင်းပြချက်နဲ့ မြေယာလျော်ကြေးအပါအဝင် ပြောင်းရွေ့ဖို့ မြေနေရာကိုပါ စီစဉ်ပေးခြင်းမရှိဘူးလို့ သိရ ပါတယ်။

“တဧက ၁၈ သိန်းဆိုတာက ဟိုလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကလည်း အဲဒီလောက်ပဲ၊အခုလည်းအဲ့လောက်ပဲ၊ အခုဆန် ဈေးနဲ့ အဲတုန်းကဆန်ဈေးတောင်မတူဘူး၊အဲဒါဒီအတိုင်းပြောတာပေါ့၊ဒါတောင် ပိုက်ဆံကို ချပေးတာမဟုတ်ဘူး၊ နောက်ကျမှ ဘဏ်တွေနဲ့ အကောင့်တွေဖွင့်ပြီးနောက်ကျမှာပေါ့ အခုတော့ ဘယ်နှဧကရှိတယ်ဆိုတာ ပမာဏ လျာ ထားတာပဲရှိသေးတယ် ပါးစပ်နဲ့ပေးနေတာရှိသေးတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီက နေရာရွေ့ပေးရမယ့် နေအိမ်တွေကို ဖျက်သိမ်းနိုင်ဖို့အတွက် တအိမ်ကို ကျပ်သိန်း ဂ ဏန်းလောက်သာပေးပြီး အိမ်ဖျက်မယ့်အလုပ်သမားတွေကို စစ်ဆေးရေး တင်းကျပ်တဲ့အတွက် အလုပ်သမား လည်း ငှားမရဘူးလို့ ဆိုပါတယ်။

“အိမ်တွေက အကြီးကြီးတွေလေ၊သူတို့ပေးတဲ့ငွေနဲ့ကို မကာမီဘူး သယ်ခပြုခ အလုပ်သမားခနဲ့ဘယ်လိုမှ မရဘူး၊ အိမ်ဝင်ဖျက်ဖို့တောင်မှ အလုပ်သမားတွေကို မှတ်ပုံတင်နဲ့ တန်းစီစစ်တာ၊အခုကျတော့ အလုပ်သမားတွေက ခေါ်မ ရတော့ဘူး၊သူတို့အဲလောက်စစ်နေတော့ မလိုက်ချင်ကြတော့ဘူး၊ခေါ်ရတာလေးလောက်နဲ့ ဖျက်နေရတာ” လို့ ဒေသခံတဦးကပြောပါတယ်။

ကြေးနီစီမံကိန်း လုပ်ကိုင်ခွင့်ရ တရုတ်ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံတွေနဲ့ ဒေသတွင်း သပိတ်အင်အားစုတွေက စ စ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ ထုတ်ပြန်တောင်းဆိုထားကြပါတယ်။

လက်ရှိမှာ ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်တွေကို စီမံကိန်းဧရိယာအတွင်း စခန်းချနေထိုင်ခွင့်ပြုထားသလို အဲဒီတပ်တွေ စစ်ကြောင်းထိုးနိုင်ဖို့ အတွက် ကုမ္ပဏီပိုင် ကားတွေကို အသုံးပြုခွင့်ပေးထားတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေကပြောထားပါတယ်။

ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ ဒေသခံများ