လောင်းကစားဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်မှုအတွက် စုံစမ်းခံနေရတဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ပါကွယ်တာ

သြဂုတ် ၊ ၁၉

ဝက်စ်ဟမ်း ယူနိုက်တက် ကွင်းလယ် ကစားသမား လူးကက်စ် ပါကွယ်တာဟာ လောင်းကစားဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် စုံစမ်း စစ်ဆေးမှု ခံယူနေရကြေင်း အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA)က ကြေညာခဲ့ပါတယ်။

 အသက် ၂၅ နှစ်အရွယ် ဘရာဇီး လက်ရွေးစင်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေအတွက် ကန့်သတ်ထားတဲ့ လောင်းကစားမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ပြစ်မှုထင်ရှားမယ်ဆိုရင် ကာလရှည်ကြာ ပွဲပယ်ခံရဖွယ် ရှိနေပါတယ်။

 ဘရာဇီး လက်ရွေးစင် အသင်းဟာ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် လူစာရင်းကနေ ပါကွယ်တာကို ရုတ်တရက် ပြန်လည် ထုတ်ပယ်ခဲ့ပါတယ်။ ပါကွယ်တာ အနေနဲ့ သူ့ပြဿနာတွေသူ အရင်ဆုံး ရှင်းလင်းဖို့ လိုနေသေးတယ်လို့ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က မှတ်ချက်ပေးပါတယ်။

 ပါကွယ်တာကတော့ သူဟာ ဘယ်လို လောင်းကစား ကိစ္စမျိုးကိုမှ ကိုယ်ထိလက်ရောက် လုပ်ဆောင်တာမျိုး မရှိခဲ့ဘူးလို့ ငြင်းဆိုပြီး အခုစွပ်စွဲချက်တွေကြောင့် တုန်လှုပ်မိတယ်လို့ ပြောပါတယ်။

 အခု စုံစမ်းစစ်ဆေးမှုတွေကို FAအဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကပါ နောက်ကွယ်ကနေ ပံ့ပိုးနေတယ်လို့ ယုံကြည်ရပါတယ်။ ဘရာဇီး ကစားတဲ့ ပွဲစဉ်တွေမှာ ပါကွယ်တာ အဝါကတ် ထိနိုင်ခြေ ရှိမရှိဆိုတဲ့ လောင်းကြေးထပ်မှုတွေအပေါ် မူတည်ပြီး FAနဲ့ FIFAတို့က စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

 ဘရာဇီး လက်ရွေးစင်အသင်း မန်နေဂျာ ဖာနန်ဒို ဒီနစ်ဇ်က လာမယ့်လမှာ ဘိုလီးဗီးယား၊ ပီရူးတို့နဲ့ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ လူစာရင်းကနေ ချန်လှပ်လိုက်ကြောင်း အတည်ပြုပါတယ်။ ပါကွယ်တာဟာ အသင်းမှာ နေရာတခု အခိုင်အမာ ရှိနေရင်တောင်မှ လောလောဆယ်တော့ ကိုယ့်ပြဿနာတွေ ကိုယ်ရှင်းဖို့ ဦးစားပေးရမှာဖြစ်ကြောင်း ဒီနစ်ဇ်က ပြောပါတယ်။

 ပါကွယ်တာအတွက် အခုပြဿနာနဲ့ ဆက်စပ်ပြီး ပိုမို စိတ်ပျက်စရာ ကြုံလာတဲ့ အခြေအနေ တခုကတော့ သူ့ကို လေးလေးနက်နက် ချိတ်ဆက် ကမ်းလှမ်းနေတဲ့ အင်္ဂလန်နဲ့ ဥရောပ ချန်ပီယံ မန်ချက်စတာ စီးတီးဟာ သူတို့ရဲ့ ကြိုးစားမှုကို လက်လျှော့ပြီး နောက်ဆုတ်သွားမယ့် အခြေအနေ ရှိလာတာပါပဲ။

 မေလတုန်းက FAဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန်တိုနေးကို လောင်းကစားမှုဆိုင်ရာ စည်းမျဉ်းတွေ ၂၃၂ ကြိမ် ချိုးဖောက်တယ်ဆိုပြီး ပွဲပယ်ပြစ်ဒဏ် ၈ လ ချမှတ်ခဲ့ဖူးပါတယ်။