မန္တလေးမှာ မြေအောက်ရေကန်ထဲဆင်းပြီး အလုပ်လုပ်တဲ့သူနှစ်ဦး အောက်ဆီဂျင်ပြတ်သေဆုံး

သြဂုတ်၊ ၁၈
 
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ သြဂုတ်လ ၁၈ ရက်၊ မနက် ၉ နာရီလောက်က ဆောက်လက်စ နေအိမ်တလုံးရဲ့ မြေအောက် ရေကန်အတွင်း ဆင်းပြီး အလုပ်လုပ်နေတဲ့ အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်တောက်ပြီး သေဆုံးသွားတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
 
“ တယောက်ကတော့ ချက်ချင်းပဲ ဆုံးသွားတယ်။ နောက်တယောက်ကျတော့ အသက်ရှုနေသေးတဲ့အတွက် ဆေးရုံကို အမြန်ပို့ပေးခဲ့ပေမယ့် လမ်းမှာတင် ဆုံးသွားတယ်။ နှစ်ယောက်လုံးက ပန်းရံ အလုပ်သမားလေးတွေပါ ” လို့ သူကဆိုပါတယ်။
 
ပြည်ကြီးတံခွန်မြို့နယ် ၁၂၈ လမ်းနဲ့ ၁၂၉ လမ်းကြား၊ ၅၈ (C) လမ်း (ဆ) ရပ်ကွက်အတွင်းရှိ ဆောက်လက်စ နေအိမ်မှာရှိတဲ့ မြေအောက်ရေကန်အတွင်း ဆင်းပြီး သစ်သားပြားတွေ ဖြုတ်ယူရာက အခုလို အောက်ဆီဂျင်ပြတ်တောက်ပြီး သေဆုံးခဲ့တာပါ။
 
သေဆုံးသူ အမျိုးသားနှစ်ဦးဟာ အသက် သုံးဆယ်အရွယ်နဲ့ အသက် လေးအရွယ်တွေ ရှိပြီး သူတို့ရဲ့ ရုပ်အလောင်းကို မန္တလေးပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း လူမှုကူညီရေးလုပ်ကိုင်သူက ပြောပါတယ်။
 
ဒီလ ၁၆ ရက်တုန်းကလည်း ပြည်ကြီးတံခွန်မြို့နယ်မှာ အာစီသုံးထပ်တိုက်ရဲ့ ပထမအထပ် Sun Shade ပေါ်ကို သန့်ရှင်းရေး တက်လုပ်ရင်း အဲဒီအပေါ်က သွယ်တန်းထားတဲ့ ဓာတ်ကြိုးနဲ့ ထိမိလို့ ဓာတ်လိုက်နေသူတွေကို ကူညီတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့သလို သုံးဦးထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – လောကပါလအသင်း