ပင်လည်ဘူးမှာ PDF ထောက်ပံ့တယ်စွပ်စွဲချက်နဲ့ ကိုယ်ဝန်ဆောင်အပါအဝင် လေးဦးပစ်သတ်ခံရ

သြဂုတ်၊ ၁၈
 
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကို ထောက်ပံ့တယ်စွပ်စွဲချက်နဲ့ ကိုယ်ဝန်ရှစ်လ ရှိနေတဲ့ အမျိုးသမီးအပါအဝင် ဒေသခံလေးဦးကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၃ ရက်က ပစ်သတ်ကာ မီးရှို့ခဲ့ပါတယ်။
 
” ကျွန်တော်တို့ တွေ့တဲ့ချိန်မှာ ဗိုက်ကြီးသည် အလောင်းက ပါလာတာပေါ့။ ကျွန်တော်တို့ ဗိုက်ကြီးသည်ကို ကိုင်ကြတဲ့ချိန်မှာ ကလေးက ထွက်ကျလာတာပေါ့။ ကြည့်လိုက်တော့ ကလေးက မိန်းကလေးဖြစ်နေတာ။ ကလေးကျတော့ မီးမလောင်ဘူး။ ဒါပေမယ့် သေသွားပြီ အသက်မရှင်တော့ဘူး “ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
သေဆုံးခဲ့သူတွေဟာ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မဝိုင်းဝိုင်း နဲ့ ဖခင် ရွှေကျင်းပိုင်ရှင် ဦးစက်လှိုင်၊ အသက် ၂၁ နှစ်အရွယ်ရှိတဲ့ ဘတ်ဖိုးမောင်းသူ ကိုရှမ်းလေး နဲ့ ကိုညီညီအောင် တို့ဖြစ်တယ်လို့ သိရပါတယ်။
 
ဦးစက်လှိုင်နဲ့ သမီးဖြစ်သူ မဝိုင်းဝိုင်းတို့မှာ ပင်လည်ဘူးမြို့နယ်၊ မူလဲရွာ မြောက်ဘက် လေးမိုင်အကွာက အောင်းပင်ရွာကနေ လာရောက်ရွှေတူးဖော်နေသူများဖြစ်ပြီး ကိုရှမ်းလေးနဲ့ ကိုညီညီအောင်တို့ကတော့ ဘက်ဟိုးမြေကော်စက် မောင်းနေစဉ် ပစ်သတ်ခံခဲ့ရတာပါ။
 
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးဒေသဟာ ကောလင်းမြို့နယ်အနောက်မြောက်ဘက် ၂၅ မိုင်ခန့်အကွာမှာရှိပြီး ဒေသခံတွေဟာ ကောလင်း-ပင်လည်ဘူး ကားလမ်းမဘေး တလျှောက်မှာ တနိုင်တပိုင် ရွှေတူးဖော်တဲ့လုပ်ငန်း လုပ်ကိုင်ကြပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်မှာ အင်အားတရာကျော်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ပင်လည်ဘူးမြို့ပြင်ဖက်က၊ ရွှေညောင်ပင် အနီးမှာရှိတဲ့ ရွှေလုပ်ကွက်တခုကို ဝင်စီးပြီး ဒေသခံ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၅ ယောက်ကို ဖမ်းဆီးသွားတာပါ။
 
အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကို ရွှေလုပ်ငန်းလုပ်ကိုင်ပြီး ထောက်ပံ့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လေးဦးကို ပစ်သတ်ကာ မီးရှို့ထားခဲ့တယ်လို့ ပြန်လည်လွတ်လာသူတွေရဲ့ပြောပြချက်အရ သိရတယ်လို့ ဒေသခံအမျိုးသား က ဆိုပါတယ်။
 
” ပြန်လွတ်လာသူတွေ ပြောကြားချက်အရကတော့ ကျွန်တော်တို့ ဟိုဟာ NUG နဲ့ PDF တွေကို ဒီကနေ ရွှေလုပ်ပြီးတော့မှ ထောက်ပံ့နေတယ်ပေါ့၊ အဲ့ဒါကြောင့် လုပ်ခွင့်ရလို့ လုပ်နေတယ် ပေါ့။ အဲ့ဒါကြောင့် ပစ်သတ်လိုက်တာလို့ ပြောတာပဲ ” လို့ ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေထဲက အမျိုးသမီးလေးဦး နဲ့ အသက်မပြည့်သေးတဲ့ အမျိုးသားလေးဦးကို စင်လဲရွာ ကျောင်းထိုင်ဘုန်းကြီးက စစ်ကောင်စီထံ သွားရောက် အလှူခံပေးခဲ့လို့ ပြန်လွှတ်ခဲ့ပေမယ့် နောက်ထပ် ဒေသခံသုံးဦး ပျောက်ဆုံးနေပြီး သေလား၊ ရှင်လား မသိရသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
“ အလောင်းတွေ့တာက လေးလောင်းပဲတွေ့ထားတာဗျ ။ လူသုံးယောက်ကတော့ ပျောက်နေတုန်း။ ကျွန်တော်တို့ခု စာရင်းထဲမှာ ကောက်ထားတာက သူတို့ သတ်ခံရတာ ခြောက်ယောက်လို့ ပြောထားကြတယ် “ လို့ ဆက်ပြောပါတယ်။
 
စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ၁၅ ဦးလုံးကို သတ်ဖို့လုပ်နေချိန် စင်လဲရွာကျောင်းထိုင်ဘုန်းကြီး ရောက်သွားချိန်မှာ လေးဦးကို သတ်ဖြတ်ပြီး ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
သြဂုတ် ၁၁ ရက်ကလည်း ပင်လည်ဘူးမြို့ အရှေ့ဘက် လေးမိုင်ခန့်ရှိ ကျွန်းပင်သာရွာနဲ့ ကပ္ပန္ဘုတ်ရွာ တို့ကိုလည်း စစ်ကောင်စီတပ်က စီးနင်းကာ နေအိမ် ၃၅ လုံးကို မီးရှို့ခဲ့သလို ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ကျွန်းပင်သာရွာက ဒေသခံတဦး သေဆုံးခဲ့ပါသေးတယ်။
 
အာဏာသိမ်းစစ်ကောင်စီကို တနိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်ရာမှာ စစ်ကိုင်းတိုင်းက အပြင်းအထန်ဆုံး ဖြစ်သလို ပင်လယ်ဘူးမြို့မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။
 
သြဂုတ်လ ၁၇ ရက် မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ် (PDF) တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက် တိုက်ပွဲစမ်းတဲ့ သဘောမျိုးသာ ရှိတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။
 
ဓာတ်ပုံ – CJ