သြဂုတ်၊ ၁၈
ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု KRF စစ်ရေးတာဝန်ခံ ကိုရဲသွေးညီ ရဲ့ ယောက္ခမနေအိမ်ကို ဩဂုတ်လ ၁၇ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ချိပ်ပိတ်ခဲ့တယ်လို့ ကိုရဲသွေးညီက DNA ကိုပြောပါတယ်။
“ အရင်အိမ်ထောင်ကျတုန်းက နေခဲ့တာပေါ့၊ ယောက္ခမအိမ်ပါ၊ ယောက္ခမ အမည်ပေါက်နဲ့မဟုတ်ဘူး၊ ဦးလေး အမည်နဲ့ အိမ်ပါ၊ အာဏာသိမ်းပြီးကတည်းက အဲဒီအိမ်မှာ မနေတော့ဘူးလေ၊ အဲဒါ စစ်ကောင်စီက လာချိပ်ပိတ်သွားတယ် ” လို့ သူက ပြောပါတယ်။
ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းမှာ ရှိတဲ့ ကိုရဲသွေးညီ နေထိုင်ခဲ့တဲ့ နေအိမ်ကို ဩဂုတ်လ ၁၇ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက လာရောက်ချိပ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။
“ လွန်ခဲ့တဲ့ လေးရက်လောက်ကတော့ သူတို့လာပြောပြတယ်ပေါ့ဗျာ၊ အုပ်ကြီးကလေ၊ ကျွန်တော်မနေဘူးပေါ့၊ ဒါ မဟုတ်မရဘူး၊ အထက်က လူကြီးတွေက ခိုင်းလို့လုပ်ရတာလို့ ပြောတယ် ” လို့ ကိုရဲသွေးညီက ပြောပါတယ်။
အခုလို ချိပ်ပိတ်ခံရတာကြောင့် အဲဒီနေအိမ်မှာ နေထိုင်နေတဲ့ မိသားစုဝင်တွေဟာ နေထိုင်စရာ အခက်အခဲဖြစ်နေပြီး လတ်တလောမှာတော့ နီးစပ်ရာဆွေးမျိုးနေအိမ်မှာ ခေတ္တနေထိုင်နေရ တယ်လို့ ဆိုပါတယ်။
ကိုရဲသွေးညီဟာ စစ်တပ်အာဏာမသိမ်းခင်က Steel Structure ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူတဦး ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းတာတွေ ပြုလုပ်လာခဲ့တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာလည်း ကိုရဲသွေးညီဟာ ကျိုက်ထိုမြို့နယ် KRF ဒုတာဝန်ခံ၊ စစ်ရေးတာဝန်ခံ၊ မြို့နယ်ပကဖ တွေမှာ ဦးဆောင်သူတဦးအဖြစ် တာဝန်ယူထားတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ကိုရဲသွေးညီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) အပါအဝင် သေဒဏ်နဲ့ တသက်တကျွန်းအထိ ချမှတ်နိုင်ထားတဲ့ ပုဒ်မမျိုးစုံကို တပ်ထားပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။
“ ကျွန်တော့်ကို တွေ့တဲ့နေရာပစ်ပဲ၊ အဲလိုမျိုး သိထားရတယ်၊ သူတို့ဘက်က အလိုရှိနေတဲ့သူ ဆိုတော့လေ ” လို့ KRF စစ်ရေးတာဝန်ခံလည်းဖြစ်တဲ့ ကိုရဲသွေးညီက ပြောပါတယ်။
ဒါ့အပြင် ကိုရဲသွေးညီရဲ့ အမျိုးသမီးဖြစ်သူဟာလည်း ကျိုက်ထိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတခုကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ထားတဲ့ ဝန်ထမ်းတဦး ဖြစ်တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်းမှာ NLD ပါတီဝင်နေအိမ်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ် အဆောက်အအုံ နှစ်ဆယ်ထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်ထားတယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
“ ရန်သူကတော့ ရန်သူပဲ၊ သူ့အလုပ်သူ လုပ်မှာဘဲ၊ ကျွန်တော်လည်း ကျွန်တော့်အလုပ် ဆက်လုပ်မှာဘဲ ပြည်သူတွေကို သိစေချင်တာက စစ်ကောင်စီလက်အောက်မှာ ဘယ်သူမှ လုံခြုံမှု မရှိနေဘူး၊ အသက်ကအစ ဘယ်သူ့ရဲ့ပိုင်ဆိုင်မှုကိုမှ မလုံခြုံနေဘူး၊ မြန်မြန်ကိစ္စပြတ်ရအောင် နိုင်တဲ့ဘက်ကနေပြီးတော့ ဝိုင်းပြီး လုပ်ကြဖို့ဘဲ လိုတယ် ” လို့ ကိုရဲသွေးညီက ဆိုပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီထောက်ခံတယ်လီဂရမ်