ရေကြီးရေလျှံဖြစ်ခဲ့တဲ့ ကရင်ပြည်နယ်မှာ နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုရှိလို့ ဆေးဝါးလိုအပ်

သြဂုတ်၊ ၁၈
 
ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်အပါအဝင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေက ဒေသခံတချို့ဟာ ဝမ်းပျက် ဝမ်းလျှော၊ သွေးလွန်တုပ်ကွေးလို ရောဂါမျိုး ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
 
“ တပ်မဟာအလိုက်မှာ ရောဂါတွေက ဖြစ်နေကြတာ။ ဝမ်းပျက်ဝမ်းလျှောတွေ၊ တုပ်ကွေးရောဂါတို့၊ ငှက်ဖျားရောဂါတို့ ဖြစ်နေ ရှိတယ်ဗျ။ တချို့လက်လှမ်းမမှီတဲ့ နေရာတွေလည်း ဖြစ်နေတာ ရှိတယ်။ ဆိုးဆိုးဝါးဝါးမဟုတ်ရင်တောင်မှ ဖြစ်သလောက်တော့ ဖြစ်နေပါတယ် ” လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)မှ စောနန္ဒဆူးက ပြောပါတယ်။
 
လက်ရှိမှာတော့ အဲဒီဒေသတွေမှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေက ဝမ်းရောဂါ အဖြစ်များနေပြီး တခြား နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်လည်း ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
 
“ ဒီလိုမျိုး စစ်ရှောင်နေကြရင်းနဲ့ ရေဘေးသင့်ခဲ့ရတဲ့သူတွေဆို အရမ်းဒုက္ခရောက်တာ၊ စားသောက်ဖို့တောင် အနိုင်နိင်လေ။ သွားလာရေးကလည်း အဆင်မပြေ၊ လှူဒါန်းမှုကလည်း နည်းပါး၊ ခုလို ဖြစ်လာတော့ ဆေးဝါးတွေကအစ လိုအပ်ချက်တွေ ရှိတာပေါ့ ” လို့ ကရင်ပြည်နယ်မှ စစ်ရှောင်အရေး အကူအညီပေးနေသူတဦးက ပြောပါတယ်။
 
ဒါ့အပြင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်အဆောက်အအုံတွေကိုလည်း မိမိစရိတ်နဲ့ ကိုယ်တိုင်ပြန်လည်ပြင်ဆင်နေရပြီး စစ်ကောင်စီဘက်က ကူညီထောက်ပံ့မှု တစုံတရာ လာရောက်ပေးဆောင်တာမျိုးလည်း မရှိသေးဘူးလို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ချောင်းတွေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ခဲ့တာကြောင့် ကရင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံသောင်းနဲ့ချီ ရေဘေးသင့်ခဲ့ရပါတယ်။
 
လက်ရှိ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာဆိုရင် ရေတွေ ပြန်လည်ကျဆင်းသွားပြီဖြစ်တဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်းတွေကနေ မိမိနေအိမ်တွေကို ပြန်သွားကြပြီဖြစ်တယ်လို့ ရေဘေးအကူအညီပေးနေသူတွေက ပြောပါတယ်။
 
ဒါပေမယ့် နောက်ဆက်တွဲအနေနဲ့ တချို့ဒေသတွေမှာ ရေဘေးသင့်ဒေသခံတွေဟာ ရေမသန့်ရှင်းလို့ ဝမ်းပျက်ဝမ်းလျှောနဲ့ သွေးလွန်တုပ်ကွေးလို ရောဂါမျိုးတွေ ဖြစ်ပွားနေတာလည်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
“ ဘယ်နှစ်ယောက်လဲဆိုတာ ကျွန်တော်တို့ ပြောလို့မရသေးဘူးပေါ့နော်။ မြို့နယ်အသီးသီးမှာ ဖြစ်ကြတယ်။ မြို့နယ်အလိုက် ရောဂါဘယ်လောက်ခံစားနေရသလဲ ဆိုတာက တိတိကျကျ ပြောလို့ မရသေးဘူးပေါ့နော်။ ကွင်းဆင်းနေတဲ့ အဖွဲ့တွေက မတင်ပြ လာရသေးဘူးပေါ့နော် ” လို့ KHRG မှ စောနန္ဒဆူးက ပြောပါတယ်။
 
ဒီလိုမျိုး ရောဂါဖြစ်ပွားရတာဟာ ရေကြီးရေလျှံမှုတွေကြောင့် ရပ်ကွက်ကျေးရွာအတွင်းမှာ အသုံးပြုနေတဲ့ ရေတွင်းရေကန်တွေထဲ ရေတွေ ဝင်ရောက်သွားပြီး ရေကြီးနေစဉ်အတွင်းမှာ သောက်သုံးရေ အကူအညီရရှိမှု နည်းပါးတဲ့အတွက် ရှိတဲ့ရေကို အသုံးပြု သောက်သုံးရာမှ အခုလို ရောဂါမျိုးတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် တပူပေါ်နှစ်ပူဆင့် ခံခဲ့ရတဲ့ ကရင်ပြည်နယ်အတွင်း ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေဟာဆိုရင် ဖြစ်ပွားနေတဲ့ ရောဂါတွေအတွက် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
 
မုတ်သုံမိုးကြီးပြီး မြစ်ချောင်းတွေ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတခုတည်းမှာတင် ရေဘေးသင့် ပြည်သူ အနည်းဆုံး ငါးသောင်းဝန်ကျင် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA )က ဩဂုတ်လ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။
 
ရေဘေးသင့်ပြည်သူတွေဟာဆိုရင် ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်း အတွင်းက မြို့နယ် ၁၆ မြို့နယ်က ဖြစ်ကြပြီး ဩဂုတ်လ ၁၀ ရက်အထိ လူဦးရေ သုံးသောင်းကျော်ကို ရေဘေးလွတ်ရာ ယာယီစခန်းတွေဆီကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မိုးကြီးတာကြောင့် ဩဂုတ်လ ၉ ရက်မှာ အသက် နှစ်နှစ်အရွယ်ကလေးငယ် တဦးသေဆုံးခဲ့ပြီး နမ့်ခမ်းမြို့နယ်မှာလည်း မြေပြိုရာက ကျေးရွာချင်းဆက် တံတားနှစ်စင်း ပျက်စီးခဲ့လို့ သွားလာရေး ယာယီ ပြတ်တောက်ခဲ့ရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဩဂုတ်လ ၇ ရက်နဲ့ ၈ ရက်မှာလည်း ရေကြီးရေလျှံမှုတွေကြောင့် ရခိုင်ပြည်နယ်က ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မောင်တောနဲ့ တောင်ကုတ်မြို့ တွေအပါအဝင် မြို့နယ်တချို့မှာ ရေဘေးသင့်ခဲ့ပြီး ကျောက်တော်နဲ့ မြောက်ဦးမြို့အတွင်းမှာ တိုက်ပွဲရှောင်စခန်းတွေက ယာယီအိမ်ခြေ လေးရာလောက် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် မွန်၊ ကရင်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာလည်း ရေကြီးရေလျှံမှုတွေကြောင့် စပါးနဲ့ သီးနှံစိုက်ခင်း ဧက သိန်းနဲ့ချီ ရေနစ်မြုပ်သွားပြီး အဲဒီထဲက ဧကသောင်းနဲ့ချီ ပျက်စီးသွားတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
 
လူသားချင်စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ရေဘေးသင့်ရာဒေသတွေက အကူအညီအလိုအပ်ဆုံးသူတွေကို အကူညီတွေ ပေးနေတယ်လို့လည်း UNOCHA က ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေမှာဆိုရင် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တချို့နဲ့ လက်လှမ်းမီတဲ့ ကျေးရွာတချို့ကိုသာ ကူညီထောက်ပံ့မှုတွေ ပေးခဲ့ပြီး အလှမ်းဝေးတဲ့ ကျေးရွာတွေဘက်ကို လုံးဝအကူအညီမရောက်ရှိခဲ့ဘူးလို့ ရေဘေးသင့်ပြည်သူတွေက DNA ကို ဖြေဆိုထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိရောက်တဲ့ အကူအညီတွေ မပေးနိုင်သလို ပြည်လည်ထူထောင်ရေး အတွက်လည်း ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိခဲ့ဘူးလို့ ရေဘေးသင့်ပြည်သူတွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတအဖွဲ့တွေအကြားမှာ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
 
ဓာတ်ပုံ – KIC
ပုံစာ – ပဲခူး၊ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ သြဂုတ်လဆန်းက မုတ်သုံမိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားတာကြောင့် လူဦးရေသုံးသောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။