ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်း လေးခုမှာ ဆန်ပြတ်လပ်နေ

သြဂုတ်၊ ၁၈
 
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက စစ်ဘေးရှောင်စခန်း လေးခုမှာ ဆန်ပြတ်လပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
 
“ လောလောဆယ် ပြတ်လပ်နေတာက လေးနေရာ ရှိတယ်၊ အပိုအနေနဲ့ မရှိတော့တာ၊ စားဖို့သောက်ဖို့ပဲ လက်ထဲ ကျန်ကြတော့တယ်၊ တချို့ဆို တခြားအသိတွေ၊ အမျိုးတွေဆီက ခဏချေးပြီး စားသောက်နေကြရတာ ” လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
အိမ်ခြေတရာ့တဆယ်ကျော်က လူဦးရေ စုစုပေါင်း ခုနရာကျော်ရှိတဲ့ အဲဒီစစ်ဘေးရှောင်စခန်းလေးခုက ဒေသခံတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာ တနှစ်ခွဲကျော်လောက်ရှိပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အလှူရှင်နည်းပါးမှုနဲ့ ဆန်စျေးနှုန်း မြင့်တက်လာမှုကြောင့် အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ အခုလို ဆန်ပြတ်လပ်မှု ကြုံလာရတယ်လို့လည်း သိရပါတယ်။
 
“ အခုနောက်ပိုင်းကျတော့ အလှူရှင်က နည်းနည်းလာတယ်၊ နောက်ပြီး ဆန်စျေးတွေလည်း တက်လာတော့ အခုလို အခက်အခဲတွေ ရှိလာတာပေါ့၊ အလှူရှင်ရှိရင်တော့ ဝယ်လို့ရတဲ့ ဆန်ဆိုင်တွေတော့ ရှိတယ်၊ အရင်က ဆန်ဝေရင် စစ်ရှောင်မိသားစု တစုကို ဆန်တအိတ်ဝေနိုင်တယ်၊ ဒါပေမယ့် အခုက စစ်ရှောင်တဦးက ဆန်တပြည်ပဲ ဝေနိုင်တော့တယ်၊ ဒါတောင် လိုအပ် တဲ့လူတိုင်းကို မဝေနိုင်ဘူး ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
 
လက်ရှိ ဆန်ပြတ်လပ်နေတဲ့ စစ်ရှောင်စခန်းအမည်တွေကိုတော့ လုံခြုံရေးအရသူက ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပါဘူး။
 
အခုလို စစ်ဘေးရှောင်နေရတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစပိုင်းက အနိမ့်ဆုံး ဆန်တအိတ်ကို သုံးသောင်းဝန်းကျင်လောက်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ တအိတ်ကို ရှစ်သောင်းလောက်အထိ စျေးတက်သွားတက်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းငယ် ငါးဆယ်လောက်မှာ စစ်ဘေးရှောင်ဦးရေ သုံးသောင်းဝန်းကျင်အထိ ရှိနေကြပြီး တချို့ကတော့ လယ်ထဲ စပါးစိုက်ပျိုးတာတွေ ကိုယ်တိုင်လုပ်နေကြတယ်လို့ သိရပါတယ်။
 
“ (လယ်)လုပ်လို့ရတဲ့ နေရာတွေမှာတော့ တော်တော်များများ ပြန်လုပ်ကြတယ်၊ စပါးထွက်ပြီး ပြန်ရိတ်သိမ်းလို့ ရတဲ့အထိတော့ လိုတာပေါ့နော်၊ လက်ရှိအခြေအနေထက်တော့ ထပ်မဆိုးဖို့ လိုတာပေါ့၊ ဒီထက်ပိုဆိုးလာလို့ ရိတ်သိမ်းလို့မရတဲ့ အခြေအနေဖြစ်လာရင်တော့ စစ်ဘေးရှောင်တွေ အခက်အခဲ ပိုကြုံလာရနိုင်တာပေါ့ ” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်ကတော့ အခုလို ဆန်ပြတ်လပ်နေတဲ့ စစ်ရှောင်စခန်း လေးခုအတွက် အရေးပေါ်အကူအညီ တောင်းထားပြီး သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားပါတယ်။
 
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နဲ့ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။
 
ဓာတ်ပုံ – ကရင်နီပြည် စစ်လေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်