ခင်ဦးမြို့မရဲစခန်းက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် အမွှာကလေးငယ်တဦးနဲ့ အမျိုးသားတဦးသေဆုံး

သြဂုတ်၊ ၁၈
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက် အရှေ့ပိုင်းက နေအိမ်တခုကို ခင်ဦးမြို့မရဲစခန်းက စစ်ကောင်စီတပ်သားတွေ နေအိမ်အတွင်း ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာကြောင့် နေအိမ်ထဲမှာ ရှိနေတဲ့ အသက် တနှစ်ခွဲအရွယ် အမွှာကလေးငယ်တဦးနဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ကြားရေးက ဓါတ်ပုံမှတ်တမ်းတွေနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ သြဂုတ် ၁၇ ရက်ညပိုင်းက မြကန်သာရပ်ကွက်အရှေ့ပိုင်းက မသီတာဦး နေအိမ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတယ်ဆိုတဲ့ သတင်းပေးမှုကြောင့် အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်စီးနင်းခဲ့တာဖြစ်ပြီး မသီတာဦးရဲ့ အမွှာကလေးငယ်တဦးက ဦးခေါင်းကျည်ထိမှန်ခဲ့သလို အိမ်နီးချင်း ဦးဖိုးပိန်လည်း ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပတ်ဝန်းကျင်မှာ ရှိတဲ့ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ပြည်သူသုံးဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ နေအိမ်ထဲမှာ အသက်ရှင်ကျန်ရစ်နေတဲ့ မသီတာထွေးနဲ့ အမွှာကလေးငယ်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီး သေဆုံးကလေးငယ်အလောင်းကိုလည်း ယူဆောင်သွားတယ်လို့ ခင်ဦးမြို့နယ်အတွင်း သတင်းတွေကို ထုတ်ပြန်နေတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
 
ဖြစ်စဉ်နဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေတွေကိုလည်း DNA က ဆက်လက်စုံစမ်း မေးမြန်းနေပါတယ်။
 
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး