ကွက်ခိုင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ပြော

သြဂုတ်၊ ၁၈
 
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်းရှိ တပ်စခန်းကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာတာကြောင့် မနေ့က နေ့ခင်းပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းပြန်ကြားရေးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ မနေ့က ကျွန်မတို့ စစ်ကောင်စီက ထိုးစစ်ဆင်လာလို့ ကွတ်ခိုင် မိုင်းယုနားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ အခုတိုက်ပွဲ ဖြစ်တဲ့နေရာက TNLA ရှိတဲ့နေရာကို သူတို့က လာလို့ ကျွန်မတို့က ပြန်လည်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ အရင်လကတည်း ကွတ်ခိုင်မှာ တကြိမ် တိုက်ပွဲတွေ ဖြစ်ဖူးပါသေးတယ်။ ကွတ်ခိုင်နဲ့ မူဆယ်တဝိုက်မှာ တိုက်ပွဲဖြစ်လေ့ရှိပါတယ် ” လို့ TNLA သတင်းပြန်ကြားရေးရုံး တာဝန်ခံ အမျိုးသမီးတဦးက ဆိုပါတယ်။
 
တအာင်းပြည်နယ် တပ်မဟာ (၅) စစ်ဒေသ အတွင်းမှာရှိတဲ့ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာ အနီးမှာ သြဂုတ်လ ၁၇ ရက်၊ နေ့ခင်း တစ်နာရီခွဲလောက်က စတင်ပြီး ၂ နာရီခွဲလောက်အထိ တနာရီကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
 
ကွတ်ခိုင်မြို့နယ်၊ ရင်ကွဲတောင် မှာရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရမခ နဲ့ ခလရ (၄၅) တပ်က မိုင်းယုကျေးရွာကို စစ်အင်အား အလုံးအရင်းနဲ ထိုးစစ်ဆင်လာတဲ့အတွက် တပ်မဟာ(၁) ၊ တပ်ရင်း (၈၇၆) တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ TNLA က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် အဲဒီတိုက်ပွဲအတွင်း နမ့်ဖက်ကာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ် ရဲ့ အမှတ် (၁၂၃) တပ်ကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးခဲ့ပြီး လက်နက်ကြီး အလုံးပေါင်း လေးငါးခြောက်လုံးလောက်ကို ပစ်တာရှိတယ်လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်မှုနဲ့ နေအိမ်အဆောက်အဦ ပျက်ဆီးမှုအခြေအနေနဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိပ်ကိုတော့ မသိရှိရသေးဘူးလို့ သူကဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေနဲ့ ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၁၇ ရက်အထိ စုစုပေါင်း တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတယ်လို့ TNLA အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့လပိုင်းတုန်းက မူဆယ်မြို့အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖက်က လက်နက်တွေကို သိမ်းဆည်းရခဲ့တာတွေ ရှိခဲ့သလို အရှင်ဖမ်းဆီးရမိတာတွေလည်း ရှိတယ်လို့ TNLA က ထုတ်ဖော်ပြောဆိုထားပါတယ်။
 
ဒါပေမယ့် လက်ရှိ ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပက်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက တစုံတရာ ထုတ်ဖော်မပြောဆိုသေးဘဲ နှုတ်ဆိတ်နေပါတယ်။
 
ဓာတ်ပုံ – TNLA