အင်းတော်ဒေသခံနှစ်ဦးကို စစ်ကောင်စီရဲ့ စစ်ခုံရုံးက ထောင်တသက်တကျွန်းချမှတ်

သြဂုတ်၊ ၁၈
 
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ စစ်ခုံရုံးက ဒေသခံ အမျိုးသားနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုပြီး ထောင်တသက်တကျွန်း ချမှတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
“ သူတို့က ဖမ်းခံရတာက ၆ လပိုင်းတုန်းက ဖမ်းခံရတယ်။ အမိန့်ချတာက မနေ့တုန်းက ၁၇ ရက်နေ့တုန်းက ချတယ်။ ၅၀(ည) ရယ်တခြား ရာဇသတ်ကြီး ပုဒ်မ(၁၄၉) နဲ့ နှစ်ခုပေါင်းပြီး အမိန့်ချတာပါ။ အဲလိုပုဒ်မတပ်ပြီး ထောင်ဒဏ်တသက်တကျွန်း ချလိုက်တယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အင်းတော်မြို့နယ်၊ တောင်ကမ်းနီရွာသားတွေဖြစ်ကြတဲ့ အသက် သုံးဆယ်ကျော်အရွယ် ကိုအောင်ဇော်ဦး နဲ့ ကိုတင်မြင့် ဆိုသူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ အတွင်းက အရက်သောက်နေချိန် ဝင်ရောက်ဖမ်းဆီးပြီး နှစ်လကျော်အကြာမှာ အခုလို ထောင်ဒဏ်တသက်တကျွန်း ချလိုက်တာပါ။
 
ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရသူတွေဟာ အယူခံဝင်၊ မဝင် မသိရသေးသလို စစ်ခုံရုံးက ချမှတ်တဲ့ တသတ်တကျွန်းအမိန့်ကို အယူခံဝင်ရင် သက်ဆိုင်ရာ စစ်တိုင်းမှူးထံမှာ ပြစ်ဒဏ်ချမှတ်ပြီး ၁၅ ရက်အတွင်း ပြင်ဆင်မှု လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
စစ်ကိုင်းတိုင်းမှာ အင်းတော်မြို့နယ်ကို စစ်အုပ်ချူပ်ရေးမြို့အဖြစ် သတ်မှတ်ပြီးနောက် နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူတွေကို ထောင်ဒဏ်တသက်တကျွန်းတွေ ချမှတ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
အာဏာသိမ်းပြီးနောက် လက်ရှိအချိန်အထိ အင်းတော်မြို့နယ်က အရပ်သား ဆယ်ဦးကျော်လောက်ကို စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ထားသလို ယခုထက်လည်း အရေအတွက် ပိုနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
“ သူတို့နှစ်ယောက်အပါအဝင် ခြောက်ယောက်ကို ကသာထောင်ကို ပြောင်းလိုက်တယ်ကြားတယ်။ နိုင်ငံရေးပုဒ်မနဲ့ စွဲရင် မိသားစုနဲ့ တွေ့ရတဲ့ အနေအထား မရှိဘူး၊ နိုင်ငံရေးနဲ့ ညိရင် တသက်ချတယ်။ အခုလိုချခံရတဲ့သူက ဆယ်ယောက်လောက်တော့ ရှိတယ်။ တိတ်တဆိတ်ချတာလည်း ရှိတဲ့အတွက် အရေအတွက်က ဒီထက်လည်း များနိုင်တယ်။ နိူင်ငံရေးပုဒ်မနဲ့ပတ်သက်ပြီး ရှေ့နေခေါ်ခွင့် မရှိဘူး။ ဖမ်းပြီးတလ နှစ်လလောက်နေရင် အမိန့်ချတယ် ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
အလားတူပဲ ရေဦးမြို့မှာ နေထိုင်တဲ့ ကိုစောနိုင်ဦး ကိုလည်း စစ်ခုံရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်လိုက်တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေက ဆိုကြပါတယ်။
 
ကိုစောနိုင်ဦးဆိုသူက အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြီးအကဲတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဂုဏ်သိက္ခာကျဆင်းစေတဲ့ ဓာတ်ပုံတွေ ဖြန့်ဝေတာအပြင် အကြမ််းဖက်လုပ်ငန်းတွေ ပါဝင်လာအောင် ဒါဝဖြန့်တယ် စွပ်စွဲချက်နဲ့ အခုလို ထောင်နှစ်ရှည်ချတာလို့ ဆိုကြပါတယ်။
 
ရေဦးမြို့ကို စစ်ကောင်စီက ခရိုင်မြို့အဖြစ် ပြောင်းလဲသတ်မှတ်ထားတဲ့အတွက် အုပ်ချူပ်ရေးကို အလုံးစုံ မလည်ပတ်နိုင်ပေမယ့် မြို့အဝင်အထွက်မှာတော့ ထောက်ခံစာလုပ်ပေးရင်း ငွေကြေးတောင်းခံနေတာ ရှိတယ်လို့ ရေဦးဒေသခံတဦးက ဆိုပါတယ်။
 
“ ခရီးသွားတွေ သူတို့ အန္တရာယ်ပြုနိုင်တဲ့ ရွာတွေကနေ လာတဲ့သူတွေကို ထိန်းသိမ်းတာတွေ ရှိတယ်။ သတင်းတွေတော့ ကြားတယ် အကုန်တော့ မသိဘူးပေါ့နော်။ ဘယ်ရွာက ဖုန်းထဲမှာ ဘယ်လိုတွေ့လို ဖမ်းတယ်ကြားတယ်။ တချို့ကျတော့ မသိနားမလည်တော့ ဆက်သွယ်ထားတာလေးတွေ မဖျက်မိရင် သူတို့ ဆွဲသွားတာမျိုးရှိတယ်။ တောသူတောင်သားဗျာ သူတို့အိမ်လေးတွေ မီးရှိုခံထားရတာလေးတွေ ရှိတယ်။ တခြား ဆန္ဒပြတုန်းက ပုံတွေ မဖျက်မိတာလေးတွေ ရှိတယ် ” လို့ အဲဒီဒေသခံတဦးက ပြောပါတယ်။
 
စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချူပ်ရေး ကြေညာထားတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်ရှိပြီး အဲဒီမြို့နယ်တွေက ဒေသခံ ၂၀၅ ဦးကို စစ်ခုံရုံးကတဆင့် အကြမ်းဖက်ဥပဒေတွေနဲ့ အမိန့်ချမှတ်ထားတယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်တွေက ဖော်ပြထားပါတယ။
 
အာဏာသိမ်းစစ်ကောင်စီက တနိုင်ငံလုံးက မြို့နယ်ပေါင်း ၄၇ မြို့ကို စစ်အုပ်ချူပ်ရေးမြို့အဖြစ် သတ်မှတ်ထားပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြစ်မှုတွေကို စစ်ခုံရုံးကတဆင့် အခုလိုပဲ ထောင်ဒဏ်နှစ်ရှည်တွေနဲ့ တသက်တကျွန်း ပြစ်ဒဏ်တွေကို ချမှတ်နေတာပါ။
 
စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ စစ်တိုင်းမှူးတွေက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရပြီး နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းဥပဒေ၊ လက်နက်မှု၊ အဂတိ၊ လူသတ်မှု စတဲ့ ပြစ်မှုပေါင်း ၂၃ ခုကို စစ်ခုံရုံးနဲ့ စစ်ဆေးနိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
အလားတူ အဲဒီမြို့နယ်တွေမှာ သေဒဏ်စီရင်တာကို အတည်ပြုရတာနဲ့ အယူခံဝင်တာတွေကို စစ်ခေါင်းဆောင်ကသာ ဆုံးဖြတ်နိုင်ပြီး တသက်တကျွန်းနဲ့ တခြားပြစ်ဒဏ်တွေ ချမှတ်တာနဲ့ အယူခံဝင်တာကို သက်ဆိုင်ရာ စစ်တိုင်းမှူးတွေက စီရင်နိုင်တယ်လို့ ဆိုထားပါတယ်။
 
ဓာတ်ပုံ – FiftyTwo Media