ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ကုန်ရထားတစီး မိုင်းခွဲခံရ

သြဂုတ်၊ ၁၈
 
ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ကုန်ရထားတစီး ဒီနေ့မနက်ပိုင်းက မိုင်းခွဲခံရပြီး ကုန်တွဲတချို့ တိမ်းမှောက်ကာ ရထားလမ်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ပဲခူးတိုင်း မီးရထားရုံး ဝန်ထမ်းတဦးက DNA ကိုပြောပါတယ်။
 
မန္တလေးဘက်ကနေ ရန်ကုန်ကို ဦးတည်ခုတ်မောင်းလာတဲ့ ကုန်ရထားတစီးဟာ ပဲခူးတိုင်း၊ တောကျွဲအင်းမြို့နဲ့ ဖြူးမြို့နယ်အစပ်၊ ကညွတ်ကွင်းဘူတာ မရောက်ခင် ဒီကနေ့မနက် ကိုးနာရီလောက်က မိုင်းခွဲခံရပြီး လမ်းချော်ကာ ကုန်တွဲတချို့ တိမ်းမှောက်ခဲ့ရတာလို့ ​ဆိုပါတယ်။
 
” မိုင်းက ပြင်းပုံရတယ်၊ တွဲတွေ တော်တော်များများ ထိခိုက်သွားတယ်၊ လူထိခိုက်တာတော့ မရှိဘူး ” လို့ ပဲခူးတိုင်းမီးရထားရုံးက Non CDM တဦးက ပြောပါတယ်။
 
လက်ရှိမှာ ရထားတိမ်းမှောက်ရာနေရာကို စစ်ကောင်စီတပ်တွေနဲ့ မြန်မာ့မီးရထား တိုင်းရုံးက အရာရှိတချို့ သွားရောက်စစ်ဆေးနေပြီး လမ်းပြန်လည်ပြုပြင်ဖို့ ကြိုးစားနေတယ်လို့ သူကဆိုပါတယ်။
 
အခုနှစ်ဆန်းနဲ့ နှစ်လယ်ပိုင်းတို့အတွင်း ရန်ကုန်-မော်လမြိုင် လမ်းပိုင်းမှာ စစ်ကောင်စီက ပြေးဆွဲနေတဲ့ ရထားတွေ မိုင်းခွဲတိုက်ခိုက်ခံရတာတွေ ရှိခဲ့တယ်လို့ ရထားဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာ နဲ့ ပဲနွယ်ကုန်ဘူတာ တို့ကြားမှာ ရထားလမ်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသေးတယ်။
 
အခု ကုန်ရထား မိုင်းကွဲမှု ဖြစ်စဥ်ဟာ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
 
မိုင်းပေါက်ကွဲမှုကြောင့် ချောင်းကူးတံတားနဲ့ ရထားသံလမ်းတွေ ဆိုးရွာစွာ ပျက်စီးခဲ့ပြီး အဲဒီလမ်းပိုင်းမှာ ရထားပြေးဆွဲမှု နှစ်ရက်လောက် ရပ်နားကာ ပြင်ဆင်ရဖို့ ရှိနေတယ်လို့လည်း အထက်ပါ Non-CDM ဝန်ထမ်းက ဆိုပါတယ်။
 
ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ပဲခူးတိုင်း အတွင်းရေ ကြီးနစ်မြုပ်မှုကြောင့် ရထားပြေးဆွဲမှု ရက်ပိုင်းအကြာ ရပ်ထားခဲ့ရပြီး ရေပြန်ကျလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပြန်လည်ပြေးဆွဲနိုင်တာလို့ သိရပါတယ်။
 
အဲဒီလမ်းပိုင်းမှာ ရန်ကုန်ကနေ မန္တလေးကို နေ့စဥ်လေးစီးနဲ့ ကုန်ရထားက ရက်ခြား ပြေးဆွဲနေတာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီထောက်ခံ တယ်လီဂရမ်