သြဂုတ်၊ ၁၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်ခွင့်ရထားတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီ အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ အဲဒီဘက်က ခွဲထွက်လာတဲ့ စစ်ကြောင်းတွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ သပိတ်အင်အားစုတွေက ပြောပါတယ်။
ဒေသခံတွေ အပြင်းအထန်ကန့်ကွက်ခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ ဝမ်ပေါင်ကုမဏီက စီမံကိန်းဧရိယာ တိုးချဲ့တာတွေကို အခု သြဂုတ်လ ပထမပတ်ထဲမှာ စတင်လုပ်ဆောင်လာခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်လောက်နဲ့ ပူးပေါင်းပြီး စီမံကိန်းအနီးနားက ကျေးရွာတွေကိုပါ စီမံကိန်းအတွင်းထဲထည့်ပြီး ခြံစည်းရိုးခတ်တာတွေလည်း လုပ်ခဲ့ပါတယ်။
ဒါ့အပြင် စီမံကိန်းအနီးမှာ စစ်ကောင်စီက အဲဒီအနီးအနားမှာ တပ်စွဲလုံခြုံရေးယူပေးထားခဲ့သလို နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ အနီးအနားက ကျေးရွာတွေကို ပစ်ခတ်စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
” ဒီရက်ပိုင်းဆိုရင်တော့ ညောင်ပင်ကြီး စခန်းသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူ သတ်ဖြတ်ခံရတာက ၁၂ ဦးရှိတယ် ကန်ဦးဖက်ဆို ငါးဦးရှိတယ်သိရတယ်၊ ထပ်တိုးတွေလည်း ရှိနိုင်တယ်။ စစ်တပ်ဝင်စီးတဲ့အခါမှာ လက်နက်ကြီးသံတွေ ကြားလို့ အသက်ရှုရပ်ပြီး နှလုံးရပ်သေတာရှိတယ်၊ ပြေးရင်းလွှားရင်းနဲ့ အမောဖောက်သေတာရှိတယ်။ ပစ်သတ်ခံရတာလည်း ရှိတယ်၊ လေးဦးကတော့ ပစ်သတ်ခံရပြီးတော့ မြစ်ထဲပြစ်ချခံလိုက်ရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ဝမ်ပေါင်ထဲမှာပဲ အခြေစိုက်နေတယ် ဝမ်ပေါင်အတွက် လုံခြုံရေး ယူပေးရင်း အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးရင်း နယ်မြေရှင်းလင်းရေးအတွက် သူတို့လုံခြုံရေးစစ်ကြောင်းတွေလို့ သိရတယ်။ ကြားသိရတာကတော့ အရင်က ၅၀၀ ကျော်လောက်တယ်ပေါ့နော် ဝမ်ပေါင်ရဲ့လုံခြုံရေး စစ်တပ်က ချထားတာ ၅၀၀ လောက်ရှိတယ် နောက်ပိုင်းမှာ အင်အားတွေ ထပ်တိုးသေးတယ် ” လို့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် မချောစုဟန်က ပြောပါတယ်
ဝမ်ပေါင်ကုမ္ပဏီထဲက စစ်ကောင်စီစစ်ကြောင်းက ဒေသခံတွေကို ဖမ်းဆီးတာတွေလည်း ရှိနေသေးတဲ့အတွက် အဲဒီစစ်ကြောင်းကြောင့် သေဆုံးသွားတဲ့ ဒေသခံအရေအတွက်ဟာ အခုထက် ပိုများနိုင်တယ်လို့လည်း မချောစုဟန်က ဆက်ပြောပါတယ်။
အခုလ ၁၀ ရက်နေ့မှာဆိုရင်လည်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဂိတ်စောင့်နေတဲ့ စစ်ကောင်စီ အင်အားတစ်ရာကျော်လောက်ပါတဲ့ စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ် လယ်ငေါက်ရွာခံ ခုနှစ်ဦးနဲ့ ငှက်ပျောတောရွာခံ သုံးဦး စုစုပေါင်း ဆယ်ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
အဲဒီဖမ်းဆီးခံရသူ ဆယ်ဦးထဲက ခုနှစ်ဦးရဲ့ အလောင်းကို မနေ့ ၁၆ ရက်နေ့ မနက်ပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းတို့မှာ ပြန်တွေ့ခဲ့ရပြီး ချောင်းကူးတံတားပေါ်မှာ သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ သွေးကွက်တွေလည်း တွေ့ခဲ့ရတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ ၁၅ ရက်နေ့မှာလည်း ဝမ်ပေါင်ကြေးနီစီမံကိန်း အတွင်းက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ် ပေကုန်းကျေးရွာ က အသက် ကိုးနှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့သလို အရပ်သားပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
ဒီအခြေအနေတွေကြောင့် အခုလထဲမှာပဲ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဝမ်ပေါင်စီမံကိန်း ဧရိယာအနီးနားက ကျေးရွာတွေမှာ နေထိုင်တဲ့ ထိခိုက်ဒဏ်ရာရရှိသူဟာ ဆယ်ဂဏန်းနဲ့ အထက်မှာ ရှိနိုင်တယ်လို့ မြေပြင်သပိတ်အင်အားစုတွေက ဆိုကြပါတယ်။
လက်ရှိမှာလည်း ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စီမံကိန်းဧရိယာအတွင်း စခန်းချခွင့် ပြုထားပြီး စားနပ်ရိက္ခတွေကိုပါ ထောက်ပံ့ပေးနေတဲ့အပြင် စစ်ကြောင်းထိုးမယ့် နေရာတွေကိုပါ ကုမ္ပဏီကားတွေ အသုံးပြု ပို့ဆောင်ပေးနေပါတယ်။
“ စစ်ကြောင်းက ထိုးသလားဆိုတော့ ပြည်သူတွေမှာက သွားရေးလာရေး ခက်ခဲလာတယ်၊ အခုရေကလည်း တိုးနေတယ်၊ သူတို့ အစောပိုင်းတုန်းက အနေအထားမှာ ညောင်ပင်ကြီး-ဆားလင်း ကားလမ်းမကြီးက ပြည်သူတွေအတွက် လုံခြုံတယ် စိတ်ချရတယ်ပေါ့၊ သူတို့စစ်ကြောင်းထိုးရင် တောလမ်းက ထိုးတာများတယ်၊ အခက်အခဲဖြစ်တာက ပြည်သူရဲ့ နယ်မြေဧရိယာ ချဲ့လိုက်တာက ဒီလမ်းနဲ့ အနီးဆုံး အနားမှာရောက်နေတော့ သူတို့ဖက်က ကုမ္ပဏီမှာ စောင့်နေတဲ့ ဝင်ထားတဲ့ စစ်ကောင်စီတွေက အချိန်မရွေး ထွက်လာနိုင်တယ်၊ အခုလည်း ဝက်မှေး၊ ကန်ဘောင်၊ ရွာသစ်မှာ စစ်ကောင်စီအယောက်သုံးဆယ်လောက်က ကင်းထောက်လှည့်နေတယ်၊ ပြည်သူတွေက သွားရေးလာရေးမှာ ခက်ခဲမှုတွေ အများကြီးဖြစ်နေတယ်။ ညောင်ပင်ကြီးစခန်းမှာ ဖြစ်သွားတဲ့ ထန်တောရွာက ကားကူးတဲ့ဇက်တွေရှိတယ်ဗျ အဲဒီကနေ အချိန်မရွေး ကူးလာနိုင်တယ်၊ ကူးလို့ရတယ်ပေါ့ဗျာ၊ ဆားလင်းကြီးကနေ ထိုးသွားတဲ့ စစ်ကြောင်းက ယင်းမာပင်ကနေ ပြန်ပြီးတော့ ဆားလင်းကြီးဖက်ကို ပြန်ထိုးတဲ့ အနေအထားမှာ ရှိတယ် ” လို့ ဆားလင်းကြီးဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် စီမံကိန်းဧရိယာ တိုးချဲ့နေတဲ့ နေရာတွေ ဒေသခံတွေ ပိုင်ဆိုင်တဲ့ လယ်တစ်ဧကကို ဝမ်ပေါင်ကုမ္ပဏီက ကျပ် ၁၈ သိန်းပေးပြီး အတင်းဖယ်ခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကြေးနီထုတ်လုပ်ရေး စီမံကိန်းဟာ ဒေသနယ်မြေ မတည်ငြိမ်မှုတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ စီဒီအမ်ပြုလုပ်ခဲ့တာတွေကြောင့် ကြေးနီထုတ်လုပ်မှု လုပ်ငန်းတွေကို အခုထိ ရပ်နားထားရတာပါ။
ကြေးနီစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ပြီး ထုတ်လုပ်မှုကို ရပ်ဆိုင်းထားတယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လလောက်က ထုတ်ပြန်ထားပြီး လက်တလောဖြစ်ပျက်နေတဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး ပါဝင်ပက်သက်လိုခြင်း မရှိဘူးလို့ လည်း ဆိုထားခဲ့ပါတယ်။
အခုလို စီမံကိန်းပြန်လည်စတင်နေတဲ့အပေါ် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီကို စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ ဒေသခံလူထုသပိတ်စစ်ကြောင်း ၁၇ ခုက စုပေါင်းပြီး ဒီလ ၇ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါသေးတယ်။
ဓာတ်ပုံ – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး