ဖားကန့်မှာ မျက်နှာအဝတ်စည်းပြီး လက်ပြန်ကြိုးတုပ် ပစ်သတ်ခံထားရတဲ့ အလောင်းနှစ်လောင်းတွေ့

သြဂုတ်၊ ၁၇
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ သြဂုတ်လ ၁၇ ရက် ဒီကနေ့ မနက်ပိုင်းမှာ အသတ်ခံထားရတဲ့ အမျိုးသားနှစ်ဦး ရုပ်အလောင်း တွေ့ရှိရပြီး လည်ပင်းမှာလည်း စာတွေရေးသားချိတ်ဆွဲထားတာ တွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
“ ဘာကြောင့် သတ်ခံရတာလဲတော့ မသိဘူး။ သူ့တို့ရဲ့လည်ပင်းမှာလည်း စာတွေရေးပြီး ချိတ်ထားခဲ့တာ။ ဖားကန့်နယ်မှာက တရားဥပဒေစိုးမိုးမှုက မရှိတော့ပါဘူး။ ထိန်းသိမ်းမယ့်သူလည်း မရှိတော့ဘူး ” လို့ ဖားကန့်ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အဲဒီ သတ်ဖြတ်ခံထားရတဲ့ အမည်မသိအမျိုးသားနှစ်ဦးရဲ့ရုပ်အလောင်းကို ဖားကန့်မြို့နယ်၊ ယူမာကျေးရွာ ဆိုင်းဘုတ်အနီးမှာ ဒေသခံတွေ တွေ့ရှိခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက သတ်ဖြတ်တယ်ဆိုတာ မသိရသေးပါဘူး။
 
ဒေသတွင်းသတင်းတွေ တင်ဆက်နေတဲ့ Kachin News Group ကတော့ အဲဒီအလောင်းနှစ်လောင်းကို ကျောက်မျက်စျေးရှေ့မှာ တဦးနဲ့ ဖားပြင်စက်လှေဂိတ်မှာ တဦး ဓားနဲ့မွှန်းပြီး သတ်ဖြတ်ထားတာ တွေ့ရတဲ့အကြောင်း ရေးသားထားပါတယ်။
 
ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေက လုပ်ဆောင်တဲ့ပုံစံ ဖြစ်တယ်ဆိုပြီး ပြောဆိုမှုအပေါ် ဖားကန့်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကလည်း ငြင်းဆိုထားကြောင်း ဆက်လက်ဖော်ပြထားပါတယ်။
 
ဒါ့အပြင် သေဆုံးသူနှစ်ဦးကို ပုဆိုးနဲ့ မျက်နှာကို စည်းထားပြီး လက်နောက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်သလို ရုပ်အလောင်းပေါ်မှာ “ စစ်ခွေး၊ သူခိုး၊ ဓားပြ ” ဆိုတဲ့ စာသားတွေ ရေးသားချိတ်ဆွဲထားတာကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
သတ်ဖြတ်ခံရတဲ့ အမျိုးသားနှစ်ဦးဟာ လူလတ်ပိုင်းအရွယ်တွေဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ နေ့ချင်းတွင်း သင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့လည်း ဒေသခံတွေထံက ပြောကြပါတယ်။
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မကြာခဏ သတ်ဖြတ်ခံရမှုတွေ ဖြစ်ပေါ်နေသလို ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေကိုလည်း မကြာခဏ တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာက ရှင်းရင် KTV နဲ့ ဟိုတယ်ပိုင်ရှင် အမျိုးသမီး အသတ်ခံခဲ့ရသလို ဩဂုတ် ၂ ရက်ကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အနီးမှာ အမျိုးသားတဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။
 
ဓာတ်ပုံ – CJ