ထောင်ပြောင်းချိန် မိုင်းဆွဲခံရလို့ သေဆုံးခဲ့တဲ့ နိုင်/ကျဉ်း ဒေါက်တာဇော်ထွယ်အောင်ကို မီးသဂြိုဟ်

သြဂုတ် ၊ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား(နိုင်/ကျဉ်း)တွေ ထောင်နေရာပြောင်းရွှေ့ချိန် ကားမိုင်းဆွဲခံရလို သေဆုံးခဲ့တဲ့ ဒေါက်တာဇော်ထွယ်အောင်ရဲ့ နာရေးကို ဒီကနေ့ ဩဂုတ် ၁၇ ရက်၊မနက်ပိုင်းက မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

“အကိုကြီး Dr ဇော်ထွယ်အောင်ရဲ့ နောက်ဆုံးခရီးကို ဒီကနေ့ နံနက် ၁၁ နာရီမှာ မုံရွာပြည်သူ့ဆေးရုံကြီးကနေ မြို့မသုသာန်ကိုပို့ပြီး မီးသဂြိုဟ်ခဲ့ပါတယ်“လို့ နာရေးလိုက်ပါပို့ဆောင်သူတဦးက DNA ကို ပြောပါတယ်။

စီဒီအမ်ဆရာဝန်တဦးဖြစ်သလို နိုင်/ကျဉ်းတဦးဖြစ်တဲ့ ဒေါက်တာဇော်ထွယ်အောင်ရဲ့ နာရေးကိုတော့ မိသားစုဝင်တွေ၊ သူ့ရဲ့မိတ်ဆွေ ဆရာဝန်တွေသာမက  မြို့ခံတွေကပါ လိုက်ပါပို့ဆောင်ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဩဂုတ် ၁၅ ရက်က မုံရွာအကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တရာကျော်ကို မန္တလေးနဲ့ မြင်းခြံအကျဉ်းထောင်တွေကို ကားငါးစီးနဲ့ ပြောင်းရွှေ့ချိန်လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့အသက် ၃၃ နှစ်အရွယ် ဒေါက်တာဇော်ထွယ်အောင် သေဆုံးပြီးတဦးဒဏ်ရာအပြင်းအထန်ရခဲ့တာပါ။

“သားရေ မင်းသူငယ်ချင်းကတော့ ယူကျုံးမရမျက်ရည်တွေနဲ့ပေါ့။ မင်းဆုံးသွားပြီလို့ပြောလိုက်တဲ့အချိန်မှာ အားလုံးငိုလိုက်ကြတာသားရေ။ သားရဲ့သွေးတွေလဲ သူ့ကိုယ်လုံးတစ်ခုလုံး ဆိုရွဲနေတဲ့သွေးတွေက မန္တလေးရောက်ချိန်ဆို ခြောက်လို့နေပြီပေါ့။ သား လွတ်လပ်ရာကိုသွားပါကွယ်။ သားသူငယ်ချင်းကတော့ မင်းနဲ့တွဲလုပ်ခဲ့သမျှတွေ တတွတ်တွတ်ပြောပြီးနေလေရဲ့။ မြင့်မြတ်တဲ့ဘုံဘဝကို သားရောက်ရှိပါစေ”လို့ အခင်းဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစုဝင်ဖြစ်သူ လူမှုကွန်ယက်မှာ ရေးသားထားတာတွေ့ရပါတယ်။

မုံရွာအကျဉ်းထောင်ကနေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တယ်ဆိုတာကတော့ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

“မိုင်းဆွဲတာကတော့ သူတို့ အကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လိုက်တာတော့ မဟုတ်ဘူး။ စစ်ကောင်စီယာဉ်တန်းနဲ့ မှားယွင်းပြီးတော့ ဆွဲလိုက်တာလည်း ဖြစ်နိုင်တယ်။ အဲဒီနေ့က မိုင်းဆွဲတဲ့အချိန်မှာ မြို့နယ်ကအဖွဲ့တွေ တဖွဲ့မှမပါဘူးဆိုတာတော့ ပြောလို့ရပါတယ်”လို့ မုံရွာမြို့နယ် ၊ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ဝင်တဦးက DNA ကို ပြောပါတယ်။

အဲဒီလိုနိုင်/ကျဉ်းတရာကျော်ထောင်ပြောင်းမှာဖြစ်တဲ့အတွက်မိုင်းမထောင်ကြဖို့ကိုလည်းတော်လှန်ရေးအင်အားစုတွေဆီ အချိန်မီအကြောင်းကြားခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ကိုအောင်နေမျိုးက သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အဲဒီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အကျဉ်းသား သုံးဦးနဲ့ အချုပ်ကားမောင်းသူတဦး သေဆုံးခဲ့တယ်လို့ သတင်းဌာနအချို့မှာ ဖော်ပြခဲ့တာတွေ့ရပေမယ့် နိုင်ငံရေးအကျဉ်းသားထဲကတော့ ဒေါက်တာဇော်ထွယ်အောင် တဦးထဲသာ သေဆုံးခဲ့တာဖြစ်တယ်လို့ မုံရွာဒေသခံတွေထံက သိရပါတယ်။

မုံရွာမြို့မှာ မနောဥယျာဉ်နာမည်နဲ့ ကချင်ရိုးရာ စားသောက်ဆိုင် ဖွင့်လှစ်ထားတဲ့ ဒေါက်တာဇော်ထွယ်အောင်ဟာ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှာ အကြမ်းမဖက် လူထုလှုပ်ရှားဖြစ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် တော်လှန်ရေးမှာပါဝင်လာခဲ့ပြီး တိုက်ပွဲမှာထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးဝါးကုသပေးနေရာက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှာ နေအိမ်ကိုပြန်လာချိန် ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၅၀ (ည) ၊ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာပါ။