တော်လှန်ရေး အားကောင်းတဲ့ဒေသတွေက လူငယ်တချို့ နိုင်ငံကူးလက်မှတ်လုပ်ရာမှာ ဖမ်းဆီးငွေညှစ်ခံ ရတာတွေ ရှိနေ

သြဂုတ် ၊ ၁၇

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းရာဒေသတွေက လူငယ်တွေ ပြည်ပမှာ အ လုပ်သွားလုပ်ဖို့အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ချိန်မှာ ဖမ်းဆီးခံရတာနဲ့ငွေညှစ်ခံတာတွေရှိနေတယ်လို့ ပြည် ပအလုပ်အကိုင်အသိုင်းအဝိုင်းကပြောပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိူင်ငံကူးလက်မှတ်လျှောက်ထားရာမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှာပါဝင်နေသူတွေနဲ့နာမည်တူ၊ဒေသတူလူငယ်တွေကို စောင့်ကြည့်ပြီးဖမ်းဆီးထိန်းသိမ်းစစ်ဆေးတာ၊ငွေပေးမှ ပြန် လွှတ်တာမျိုးတွေလုပ်နေတာလို့ အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင်အေးဂျင့် ကိုယ်စားလှယ်တဦးက DNA ကိုပြောပါတယ်။

“မုံရွာကနေကိုယ်တွေအေဂျင့်နဲ့ချိတ်ပြီးနိုင်ငံခြားထွက်မယ့်နှစ်ယောက်ဆိုပြီးခဲ့တဲ့ရက်ကမှပြန်မလွှတ်ဘဲဖမ်းထားလို့မိဘတွေကတယောက်ငါးသိန်းနဲ့သွားပြန်ထုတ်ခဲ့ရတယ်၊စာအုပ်လည်းမရဘူး”လို့ သူကပြောပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေမှာ တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေသူတချို့ရဲ့ အချက်အလက် တွေရှိနေပြီး မြို့နယ်နဲ့လူနာမည် တူတာနဲ့ ငွေညှစ်တာမျိုးတွေရှိနေတာလို့ နိူင်ငံကူးလက်မှတ်ဝန်ဆောင်မှု ပေးနေ သူတဦးကလည်းပြောပါတယ်။ “သူတို့မှာစာရင်းရှိတဲ့သူတွေရဲ့အချက်အလက်နဲ့တိုက်စစ်တာ၊မြို့နယ်နဲ့နာမည်ပဲတူတယ်၊မိဘနာမည်၊ မွေးသက္က ရာဇ် မတူလည်းမရဘူး၊ရစ်တာ၊အဓိကကတော့ဂွင်ဖန်တာ၊ပတ်စ်ပို့ရုံးကရဲမှူးအဆင့်ကစပြီး စားပေါက်ဖြစ်နေတာ” လို့ သူကဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးလှုပ်ရှားမှုအားကောင်းတဲ့ ဒေသကပြည်သူတွေကို ခရီးသွား၊လာ၊နေ ထိုင် မှုတွေကအစ စောင့်ကြည့်ခံရတာတွေရှိခဲ့ကာအထူးသဖြင့် စစ်ကိုင်း၊မကွေးတိုင်းကပြည်သူတွေနိုင်ငံအတွင်းရွှေ့ ပြောင်းနေထိုင်ဖို့တောင်အခက်အခဲတွေရှိနေတယ်လို့ ကိုယ်တွေ့ကြုံရသူတချို့ကဆိုပါတယ်။ 

“ဧည့်စာရင်းတိုင်ဖို့တောင်မလွယ်တာ၊ပတ်စ်ပို့လုပ်ဖို့ဆိုရင် ပိုဆိုးမှာပေါ့၊ စစ်ကိုင်းကသူဆိုပိုက်ဆံပိုကုန်တာတော့ ကြားတယ်၊တချို့တွေပက်စ်ပို့သွားလုပ်ချိန်အကြောင်းမဲ့ဖမ်းခံရမှာကိုစိုးရိမ်နေကြတယ်”လို့ အရာတော်မြို့ဒေသခံ တဦးကDNAကိုပြောပါတယ်။

ဒါ့အပြင် အညာဒေသက ဒေသခံတွေကို ပတ်စ်ပို့စာအုပ်ထုတ်ပေးဖို့ သီးခြားခွဲထားတာ၊ အချိန်ဆွဲငွေညှစ်တာ မျိုးတွေလည်း ရှိနေတယ်လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးနေသူတွေကပြောပါတယ်။ 

အဲဒီလို စောင့်ကြည့် ငွေညှစ်ခံရတာကြောင့် ပွဲစားတွေချိတ်ဆက်လုပ်ကိုင်မူတွေပိုများလာတယ်လို့လည်း သူတို့က ပြောပါတယ်။ လက်ရှိမှာပွဲစားနဲ့ချိတ်ပြီး နိုင်ငံကူးလက်မှတ်လုပ်မယ်ဆိုရင် ကျပ်သုံးသိန်းလောက်အထိ ပေါက်စျေး ရှိနေတယ်လို့လည်း အဲဒီလုပ်ငန်းအသိုင်းအဝိုင်းဆီကသိရပါတယ်။

 မြန်မာနိုင်ငံကနေ ပြည်ပသို့သွားရောက်လုပ်ကိုင်သူအများစုဟာ အညာဒေသကလူငယ်တွေဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်တွေမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေမှာ စစ်ကိုင်းတိုင်းရဲ့ မှတ်ပုံတင် အမှတ်စဉ်ဖြစ်တဲ့ ၅ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတွေကို အကြောင်းမဲ့ အလုပ်ထုတ်ပယ်တာတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့သလို ဧည့်စာရင်းစစ်ရာမှာလည်း အဲ့ဒီမှတ်ပုံတင်ကိုင်ဆောင်သူတွေကို ပိုမို စစ်ဆေးမေးမြန်း တာ၊ညအိပ် လက်မခံဖို့ ဖိအားပေးတာမျိုးတွေရှိတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါသေးတယ်။