ပြည်တွင်းဒေသ အများစု တည်ငြိမ်နေပြီလို့ စစ်ခေါင်းဆောင်က ရုရှား နိုင်ငံမှာလုပ်တဲ့ လုံခြုံရေးညီလာခံမှာပြော

သြဂုတ် ၊ ၁၇

ပြည်တွင်းတည်ငြိမ်ရေး ဆက်လက်လုပ်ဆောင်ဖို့လိုအပ်ပြီး သာမန်အခြေအနေမဖြစ်သေးဘူးလို့ဆိုကာ မကြာ သေးခင်ကမှ အရေးပေါ်သက်တမ်းထပ်တိုးခဲ့ပေမယ့် ရုရှားနိုင်ငံမှာလုပ်တဲ့ လုံခြုံရေး ညီလာခံမှာတော့စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ပြည်တွင်းဒေသအများစု တည်ငြိမ်နေပြီလို့ ပြောပြန်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမှာ ဩဂုတ်၁၅ ရက်က ပြုလုပ်တဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံကို Video Message ပေးပို့ပါဝင်ခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

အဲ့ဒီ ရုပ်သံသတင်းစကားအတွင်းပြောဆိုမှုဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် ပြောဆိုခဲ့တာတွေနဲ့ ကွဲလွဲမှုရှိနေပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ဒေသတွေကို တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥ ပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေ အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်တာကြောင့် အရေးပေါ် အခြေ အနေအဖြစ် ကြေညာထားမှုကို ခြောက်လထပ်တိုးဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ အာဏာ သိမ်းစစ်ခေါင်းဆောင်ကပြောခဲ့တာပါ။

စစ်ကိုင်းတိုင်းကမြို့နယ်တချို့၊မကွေးတိုင်း မြောက်ဘက်ခြမ်း၊ပဲခူးတိုင်းအရှေ့ခြမ်း၊တနင်္သာရီတိုင်းက မြို့နယ် တ ချို့၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်တို့က မြို့နယ်တချို့တွေမှာ လက်နက်ကိုင် တိုက် ခိုက်မှု၊သတ်ဖြတ်မှု၊မိုင်းထောင်တိုက်ခိုက်မှု၊မီးရှို့ဖျက်ဆီးမှုအပါအဝင် အကြမ်းလုပ်ရပ်တွေ လုပ်နေကြတယ်လို့ ပြီး ခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကပြောခဲ့ပါတယ်။

ဒါပေမယ့် ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံတကာ လုံခြုံရေး ညီလာခံမှာတော့လက်ရှိမြန်မာနိုင်ငံ ဒေသတချို့က လွဲ လို့ ဒေသအများစုမှာ နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေးအရ တည်ငြိမ်မှုရှိ အောင် ဆောင်ရွက်ထားနိုင်ပြီး ရွေးကောက် ပွဲကျင်းပကာ အနိုင်ရပါတီကို အာဏာပြန်လွှဲပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့သူကဆိုပါတယ်။

လက်ရှိပြည်တွင်းအခြေအနေတွေအရ စစ်ခေါင်းဆောင်ကိုယ်တိုင် ကာလုံအစည်းအဝေးမှာ ထုတ်ပြောခဲ့တဲ့ ဒေသ တွေအပြင် မန္တလေးတိုင်းမှာလည်း တော်လှန်ရေး အင်အားစုတွေရဲ့ ခုခံတိုက်ခိုက်မှုတွေရှိနေပြီး ပြီးခဲ့တဲ့ ရက် ပိုင်း က ဆိုရင် နေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်ထဲက စစ်စခန်းတခုပါ စီးနင်းတိုက်ခိုက်ခံခဲ့ရသေးတာ ပါ။

စစ်ကောင်စီဘက်က သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေး အင် အားစုတွေဘက်က ပြောထားတဲ့ အဲ့ဒီစစ်စခန်းဟာ နေပြည်တော်လေဆိပ်နဲ့ မြေပုံပေါ်မှာ မျဉ်းဖြောင့် မိုင်နှစ် ဆယ်လောက်သာဝေးပြီး နေပြည်တော်ဗဟိုချက်နဲ့ မိုင်ငါးဆယ်ဝန်းကျင်သာဝေးပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကတော့ “လမ်းများအားလုံးနေပြည်တော်သို့” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တော်လှန်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့်ဖို့ လှုံ့ဆော်နေသလို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA နဲ့ သီးသန့်အင်တာဗျူးအတွင်း လာမယ့်နှစ်ဆန်းပိုင်းမှာ တော်လှန်ရေးအောင်ပွဲရနိုင်တယ်လို့ ဆိုထားပေမယ့် စစ်ခေါင်းဆောင်ကတော့ ဒေသအများစုတည်ငြိမ်နေပြီလို့ပြောလာတာပါ။

ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ ညီလာခံကို ပေးပို့တဲ့Video Message အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်က အာဆီ ယံ အဖွဲ့ရဲ့ ဒေသတွင်းအရေးပါမှုအခြေအနေကို ထည့်ပြောခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား စည်းလုံး ညီညွတ် ရေး အားကိုးမာန်တက် ဖော်ဆောင် နေပေမယ့် တချိန်တည်းမှာပဲ အဲ့ဒီညီညွတ်မှုကို စိန်ခေါ်နေတဲ့ ခြိမ်း ခြောက်မှု တွေလည်းရှိနေတယ်လို့ ထည့်ပြောပါသေးတယ်။

အာဆီယံအဖွဲ့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်ပေးခဲ့တဲ့ ကတိတွေကို အကောင်အထည်ဖော်ဖို့ ပျက် ကွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုထိတွေ့ဖို့ငြင်းဆန်ထားပြီး ထိပ်သီးအ စည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

ရုရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အဲ့ဒီညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရုပ်သံသတင်းစကားပေးပို့ခဲ့သလို စစ်ကောင်စီရဲ့ ဒုတိယဝ န် ကြီးချုပ်တဦးလည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင် အောင်စန်းကတော့ ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။