တော်လှန်ရေးမအောင်မြင်ရင် သားစဉ်မြေးဆက် ကျွန်လို ရုန်းကန်ရလိမ့်မယ်လို့ ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ်ပြော

သြဂုတ် ၊ ၁၇

တော်လှန်ရေး မအောင်မြင်ပါက သားစဉ်မျိုးဆက် ခုနစ်ဆက် ကျွန်လိုရုန်းကန်ကြရမှာဖြစ်ကြောင်း အတတ် ပြောနိုင်တယ်လို့ ကရင်နီပြည်တပ်မတော် (KA/KNDF)ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောဆိုလိုက် ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၇၅နှစ်မြောက် ကရင်နီတပ်မတော်နေ့ အတွက် အမှာစကားမှာ ဝါရင့်ကရင်နီ လက်နက် ကိုင်တော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်မြတ်က အဲ့ဒီလိုထည့်သွင်းပြောဆိုတာပါ။

လက်ရှိ တော်လှန်ရေးမှာ ဗမာလူမျိုးအများစု တော်လှန်ရေးမှာပါဝင်လာကြတာကြောင့် အင်အားကောင်းမွန် လာပြီး တော်လှန်ရေး အောင်မြင်ဖို့ လုံးဝယုံကြည်တယ်လို့သူကပြောပါတယ်။

ဒါပေမယ့်တဆက်တည်းမှာပဲ တော်လှန်ရေးအောင်မြင်ရေး ဆက်လက်လုပ်ဆောင်ရာမှာ သတိပြုရမယ့်အချက် တွေကိုလည်း ဗိုလ်ချုပ်အောင်မြတ်က သတိပေးပြောဆိုပါသေးတယ်။

ရန်သူကိုအထင်မသေးဖို့နဲ့ အထင်မကြီးဖို့၊အလုပ်လုပ်ရာမှအောင်မြင်တဲ့အခါ ဘဝင်မြင့်ပြီး အောက်ခြေလွတ် တတ် တဲ့ ဓလေ့ညဉ်ဆိုးကို သတိထားစေလိုကြောင်း၊တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ လူထုမျက်နှာကိုငဲ့ဖို့လို ကြောင်း သူကသတိပေးပြောဆိုပါတယ်။

“နိုင်ငံရေးအချောင်သမားများ၊ ဘာသာရေးအချောင်သမားများအားမယုံကြည်ရန်မှာကြားလိုပါသည်”လို့ ဗိုလ်ချုပ် အောင်မြတ်ရဲ့ အမှာစကားမှာဖော်ပြထားပါတယ်။

ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ကရင်နီတပ်မတော်(KA)ကို ၁၉၄၈ခုနှစ် ဩဂုတ်လ ၁၇ရက်မှာ တပ်မှူး ခုနစ်ဦး၊ရဲဘော် ခုနစ်ဦးနဲ့ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာ သက်တမ်းရင့်လက်နက်ကိုင်တပ်ဖွဲ့တခုအနေနဲ့ ကရင်နီဒေသက လက်နက်ကိုင်ခုခံတော်လှန်မှုတွေမှာ ဦးဆောင်နေပါတယ်။

အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ကိုရော KA ကိုပါ ဗိုလ်ချုပ် အောင်မြတ်က ကရင်နီပြည်တပ်မတော်အဖြစ် တပေါင်းတည်း ရည်ညွှန်းပြောဆိုထားတာတွေ့ရပြီး ဒီတပ်မတော် ဟာ ကရင်နီပြည် အစိုးရလက်အောက်မှာရှိတယ်လို့လည်း ထုတ်ပြောပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက်ရော ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက်ပါ တော်လှန်ရေးတိုက်ပွဲဆင် နွှဲရာမှာ ကရင်နီဆိုတဲ့ အမည်တခုတည်းအောက်မှာ ရှိနေရင် စည်းလုံးညီညွတ်ကြမှာဖြစ်တယ်လို့ ကရင်နီပြည် တပ်မတော် စစ်ဦးစီးချုပ်ကပြောပါတယ်။

တော်လှန်ရေးမှာ လူထုကို မှန်မှန်ကန်ကန်ဦးဆောင်နိုင်ဖို့ လူ့အခွင့်အရေး လေးစားကြဖို့ အထူးမှာကြားလိုကြောင်း သူ့ရဲ့အမှာစကားမှာထည့်သွင်းဖော်ပြထားတာတွေ့ရသလို တပ်မှူးတွေအနေနဲ့ ရန်ငါပြတ်ပြီး မတွေဝေကြဖို့ တိုက် တွန်းထားတာလည်းတွေ့ရပါတယ်။

ကရင်နီတပ်မတော်ဟာ ကြေးစားတပ်မဟုတ်ဘဲ မျိုးချစ်တပ်မတော် တခုဖြစ်တာကြောင့် စည်းကမ်းရှိဖို့လိုသလို ဥပဒေကိုလေးစားဖို့၊အမိန့်နာခံဖို့၊လူထုကို တတ်နိုင်သမျှကာကွယ်ပေးဖို့ကိုလည်း ဗိုလ်ချုပ်အောင်မြတ်က တိုက် တွန်းထားပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း ကရင်နီတော်လှန်ရေး အင်အားစုတွေကို စစ်ကောင်စီက လေ ကြောင်း၊ လက်နက်ကြီးတွေအပါအဝင် စစ်သည်အင်အား အများအပြားနဲ့ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်နှိမ်နင်းဖို့ ကြိုး ပမ်းနေပေမယ့် ကရင်နီအင်အားစုတွေပိုမိုအားကောင်းလာပြီး စစ်ကောင်စီရဲ့ စစ်စခန်းတွေမကြာခဏ သိမ်းပိုက်ခံ နေရပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းကာလတွေအထိ ဗိုလ်ချုပ်အောင်မြတ်ဟာ ကရင်နီပြည်တပ်မတော် ဒုတိယစစ် ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပေမယ့်အခုနှစ်အတွင်း စစ်ဦးစီးချုပ်ဖြစ်လာပြီး အရင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး ကတော့ ကရင်နီပြည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ပုံဟောင်း