မြောက်ယမားချောင်းထဲမှာ စစ်ကောင်စီတပ်လက်ချက်နဲ့သေဆုံးတဲ့ အလောင်းခုနှစ်လောင်းတွေ့

သြဂုတ် ၊ ၁၇

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊မြောက်ယမားချောင်းထဲမှာ စစ်ကောင်စီတပ်က သတ်ဖြတ်ပြီးစွန့်ပစ်သွားတဲ့အလောင်း ခုနှစ်လောင်းထက်မနည်းကို သြဂုတ်လ ၁၆ ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေကပြောကြပါတယ်။

“ မနေ့က ကျွန်တော်တို့ဆီ မက်ဆေ့ လှမ်းပို့တာတော့ အလောင်းခုနှစ်လောင်းတွေ့တယ်ဆိုပြီး ။အဲ့လိုလှမ်းပို့တာတော့ ရှိတယ်’’ လို့ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူ ကိုဇော်ထက်ကပြောပါတယ်။

သေဆုံးသူတွေဟာ  စစ်ကောင်စီစစ်ကြောင်းက သြဂုတ်လ ၁၀ ရက်က ပုလဲနယ်နဲ့ ပုလဲနယ်ကနေ ယင်းမာပင်မြို့နယ်ကို စစ်ကြောင်းထိုးစဉ်က ဖမ်းဆီးခဲ့တဲ့ အရပ်သား ဆယ်ဦးထဲက ဖြစ်တယ်လို့ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေက အခိုင်အမာပြောပါတယ်။

” တယ်လီဂရန်မှာ ပြောသလို သူတို့က PDF မဟုတ်ဘူး။သူတို့က ခရီးသွားတွေ။အဲ့ဖက်စစ်ကြောင်းရှိနေတာကို မသိလိုက်ဘူး။အဲ့ဒါကြောင့်အခုလိုဖြစ်သွားတာပါ။နောက်တယောက်ကနွားစာကျွေးပြီး ပြန်လာချိန် ဖမ်းခံရတာပါ ။အားလုံးပြည်သူတွေပါ” လို့ ယင်းမာပင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူတဦးက ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တွေမှာတော့ပုလဲမြို့နယ်၊ငှက်ပျောတောရွာနဲ့ ယင်းမာပင် မြို့နယ်၊ လည်ငေါက်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဝင် ခုနှစ်ဦးကို အသေဖမ်းဆီးရမိတယ်လို့ နာမည်နဲ့တကွရေးသားထားပါတယ်။

သေဆုံးသူတွေဟာ ယင်းမာပင်မြို့နယ်၊လည်ငေါက်ကျေးရွာက အသက် ၄၈ နှစ်အရွယ် ဦးဖိုးဉာဏ်၊ အသက် ၄၄ နှစ်အရွယ် ဦးသိန်းငွေ ၊အသက် ၃၄ နှစ်အရွယ် ဦးဇော်မြင့်ဌေး ၊ အသက် ၂၂ အရွယ် ဇော်မျိုးခိုင် နဲ့ ပုလဲမြို့နယ်၊ ငှက်ပျောတောကျေးရွာက အသက် ၄၅ နှစ်အရွယ်  ဦးဝင်းဇော်ဦး ၊ အသက် ၃၈ နှစ်အရွယ် ဦးကျော်မျိုးဝင်းနဲ့ အမည်မသိအမျိုးသားတဦး ဆိုပြီးရေးသားထားတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းတွင်  ဂိတ်စောင့်နေတဲ့ စစ်ကောင်စီ အင်အားတရာကျော်ပါတဲ့စစ်ကြောင်းဟာ ယင်းမာပင်မြို့၊လယ်ငေါက်ရွာခံ ခုနှစ်ဦးနဲ့ ပုလဲမြို့၊ငှက်ပျောတောရွာခံ သုံးဦးစုစုပေါင်းဆယ်ဦးကိုဖမ်းဆီးသွားတာပါ။

အဲဒီ ဖမ်းဆီးခံရသူဆယ်ဦးထဲက ခုနှစ်ဦးရဲ့ အလောင်းကို မြောက်ယမား ချောင်းကူးတံတားပေါ်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ယူဆရတဲ့ သွေးကွက်တွေနဲ့ မြောက်ယမားချောင်းထဲမှာ သြဂုတ်လ ၁၆ ရက်၊ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ တွေ့ရှိခဲ့ပြီးသဂြိုလ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့မှာ  သြဂုတ် ၁၅ ရက်၊နေ့လယ် ၂ နာရီလောက်ကလည်း  ပုသိမ် -မုံရွာလမ်းပိုင်းမှာရောက်ရှိနေတဲ့ အဲ့ဒီစစ်ကြောင်းကနေ  လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပေကုန်းရွာက အသက်ကိုးနှစ်အရွယ်ကလေးတဦးသေဆုံးပြီး သူ့ဖခင်အပါအဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီစစ်ကြောင်းဟာ သြဂုတ်လ ၁၄ ရက်၊မနက်ပိုင်းက အင်းအားတစ်ရာကျော်နဲ့  ယင်းမာပင်မြို့နယ်အတွင်း ဝင်ရောက်လာတာဖြစ်ပြီး လမ်းတလျှောက်ရှိကျေးရွာတွေက အရပ်သား တွေကို လည်း  ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

သြဂုတ်လ  ၁၅ ရက်နေ့မှာတော့ အဲဒီစစ်ကြောင်းဟာ သူတို့တပ်စွဲရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဝန်းထဲကိုပြန်လည်ဝင်ရောက်သွားပြီး စစ်ကြောင်းပြန်ဆုတ်ချိန် ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ခြင်းရှိ၊မရှိကို မသိရသေးပါဘူး။

မဲစာရင်းအကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်အထိ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ ပြည်သူသေဆုံးတာ ၃,၉၃၈ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP ) က ထုတ်ပြန်ထားပါတယ်။