ရေဖြူမှာ တလကျော်အတွင်း စစ်ဘေးရှောင် ရှစ်ထောင်နီးပါး တိုးလာ

သြဂုတ် ၊ ၁၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းမှာ တလကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ရှစ်ထောင်နီးပါး တိုးလာတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ ရေဖြူမြို့နယ်အတွင်း စစ်ရှောင်ဦးရေ ငါးဆယ်ကျော်လောက်သာ ရှိခဲ့ရာကနေ အခု သြဂုတ်လ အလယ်ပိုင်းအရောက်မှာတော့  နေရပ်စွန့်ခွာရှောင်တိမ်းနေရတဲ့ ဒေသခံ ရှစ်ထောင်နီးပါး ရှိလာတာပါ။

“အဓိကက စစ်ကြောင်းထိုးလာလို့ပေါ့။ ထားဝယ်အထူးစီးပွားရေးဇုန်ဘက်ကို စစ်တပ်က အခုတလ ၊နှစ်လအတွင်း မကြာခဏ အဝင်အထွက်လုပ်နေလို့ နယ်မြေမတည်ငြိမ်တော့ အဲတဝိုက်က ဒေသခံတွေ အမြဲတမ်းရှောင်နေရတာ” လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူ ကိုယောနသံက DNA ကို ပြောပါတယ်။

စစ်ရှောင်တွေကတော့ ရေဖြူမြို့နယ် အလယ်ပိုင်းနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ နဘုလယ်ဒေသက ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံတွေ ဖြစ်ကြပြီး အများစုဟာ ပြီးခဲ့ ဇူလိုင်လ အကုန်ပိုင်းနဲ့ အခု သြဂုတ်လ ဒုတိယအပတ်လောက်မှာ တိမ်းရှောင်ကြရသူတွေလို့ သိရပါတယ်။

အင်အားတရာကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ရေဖြူမြို့နယ်အတွင်းက ဝက်ချောင်း၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်း၊ ဝဇွမ်းတော၊ ဧကနိ၊ ကုန်းသာယာအင်း၊ ရငဲချောင်း စတဲ့ ကျေးရွာတွေဘက်က စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ နီးစပ်ရာ တိမ်းရှောင်နေကြရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်လောက်က လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF) တွေကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အနီးနားရွာတွေက  ဒေသခံတချို့လည်း ရေဖြူမြို့မှာ လာရောက်တိမ်းရှောင်နေကြရပါတယ်။

“ရှေ့နှစ်ရက်လောက်ကအထိ ကျမတို့ရွာဘက် စစ်ရှောင်တွေ လာနေကြတုန်းပဲ။ အဲဘက်(စခန်းကြီးရွာ)မှာက စစ်တပ်ရှိနေသေးတော့ ရွာသားတွေမပြန်ရဲကြသေးဘူး” လို့ ရေဖြူမြို့နယ်အတွင်းက ဒေသခံတဦးက DNA ကို ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီ စစ်ဘေးရှောင်ပြည်သူတွေအတွက် စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ပေးနိုင်တာမျိုးမရှိသေးဘဲ နီးစပ်ရာ ကျေးရွာတချို့က နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင် ဥယျာဉ်ခြံတွေထဲမှာပဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဲဒီစစ်ဘေးရှောင်အရပ်သားတွေဟာ နေရပ်ဒေသတွေကနေ  ရုတ်တရက်ထွက်ပြေးလာခဲ့ရတာကြောင့် ဆေးဝါး၊ မိုးကာ၊ အဝတ်အထည် နဲ့ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံနေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

“မိုးတွင်းလည်းဖြစ်နေတော့ မိုးရေထဲမှာ စိုစိုစွတ်စွတ်ဖြစ်နေတယ်။ အဓိကကတော့ လူငယ်ပိုင်းတွေထက် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေပေါ့ ပြီးရင် နဂိုကတည်းကမှ ကျန်းမာရေးမကောင်းတဲ့ သူတွေမျိုးက တောထဲတောင်ထဲမှာ ပြေးနေရတာမျိုးရှိတယ်။ မိုးထဲရေထဲမှာ လုံလုံခြုံခြုံနဲ့ နေရတာမျိုး မရှိဘူး” လို့ ကိုယောနသံက ပြောပါတယ်။

ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ စာရင်းတွေအရတော့ တနင်္သာရီတိုင်းတခုလုံးမှာ ဇူလိုင်လ ကုန်အထိ စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်အထိရှိနေပြီး လက်ရှိမှာတော့ အဲဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂရဲ့  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်စာရင်းအရ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း  ၁ ဒဿမ ၉ သန်းကျော်ရှိလာပြီး အဲဒီထဲက ၁ ဒဿမ ၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ ရက် အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့်ဖြစ်တယ်လို့ UNOCHA(Myanmar) က ထုတ်ပြန်ထားပါတယ်။