ဖားကန့် မြေစာပုံ ပြိုကျလို့ ပျောက်ဆုံးသူရှစ် ဦးအလောင်းထပ်တွေ့ပြီး စုစုပေါင်း ၃၃ ဦးတွေ့ရှိ

သြဂုတ်၊ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်မှာ ဒီလ ၁၃ ရက် ညနေပိုင်းက မြေစာပုံ ပြိုကျပြီးနောက်ပျောက်ဆုံးသူတွေကို ဒီကနေ့ ဆက်လက်ရှာဖွေရှာမှာ ညနေ ၄ နာရီအထိ သေဆုံးသူ ရှစ် ဦးရဲ့ ရုပ်အလောင်းတွေထပ်မံတွေ့ရှိခဲ့ပါတယ်။

“ ဒီကနေ့  ရှစ် လောင်းထပ်တွေ့တယ်ဗျ ။ညနေလေးနာရီလောက်ကျတော့ ရှာဖွေရေးကို နားလိုက်ပါတယ် ။မနက်ဖြန်ကျရင်တော့ ရှာဖွေရေးမလုပ်တော့ပါဘူး။ ပေါ်လာရင်တော့ သွားဆယ်ပေးမှာပေါ့နော်

 ” လို့ လူမှုကူညီရေး လုပ်ကိုင်သူတဦးက ဆိုပါတယ်။

မနမှော်အတွင်းက ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ လုပ်ပိုင်ခွင့်ရထားတဲ့ ကျောက်စိမ်း လုပ်ကွက်ဟောင်းရဲ့မြေစာပုံမှာ ဒီလ ၁၃ ရက်၊ ညနေ ၃ နာရီလောက်မှာ မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦး ပျောက်ဆုံးခဲ့တာပါ။

မြေစာပုံပြိုကျပြီး သုံးရက်အကြာမှာပဲ ရုပ်အလောင်းတွေ နွံကန်တွေထဲပြန်လည်ပေါ်လာတဲ့အတွက် ပျောက်ဆုံးသူ  ၃၃ ဦးရဲ့ ရုပ်အလောင်းတွေပြန်တွေ့ပြီး  လေးဦးဆက်လက်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် အလောင်းပြန်တွေ့သူ ၃၃ ဦးအနက် ၂၉ ဦးက ပိုင်ရှင်ပေါ်ပေါက်ခဲ့ပြီး လေးဦးကသာ ပိုင်ရှင်မဲ့အဖြစ် မီးသဂြို်လ်ပေးခဲ့ရတယ်လို့လည်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောကြပါတယ်။

ဖားကန့်ကျောက်တူးဖော်ရေး လုပ်ကွက်တွေဟာ မိုးတွင်းကာလမှာ အခုလိုပဲ မကြာခဏ မြေစာပုံတွေ ပြိုကျတတ်ပြီး ရေမဆေးကျောက်ရှာဖွေသူတွေလည်း ရာနဲ့ချီပြီး သေဆုံးတာတွေ၊ ပျောက်ဆုံးတာတွေ ဖြစ်တက်ပါတယ်။

အခု မြေပြိုမှု ဖြစ်ပွားခဲ့တဲ့ လုပ်ကွက်ကွက်ဟောင်းကလည်း ကုမ္ပဏီက မိုးတွင်းကာလဖြစ်တဲ့အတွက် ကျောက်တူးဖော်မှုကို ရပ်နားထားချိန် တပိုင်တနိုင် ရေမဆေးကျောက်ရှာဖွေသူတွေက ဝင်ရောက်လုပ်ကိုင်နေတုန်း မြေပြိုကျမှု ကြုံတွေ့ခဲ့ရတာပါ။

ဒီလအစောပိုင်းတုန်းကလည်း ဖားကန့်ဒေသ၊ မှော်စီစာကျေးရွာ၊ သာယာကုန်းမှော်ကွက်မှာ ကမ်းပါးပြိုကျမှုကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။