သြဂုတ်၊ ၁၆
ရန်ကုန်မြို့၊ အလုံမြို့နယ် မှာရှိတဲ့ သခင်မြပန်းခြံမှာ လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် သုံးလနီးပါးအကြာ လက်ရှိအချိန်အထိ ပြည်သူတွေကို ပန်းခြံထဲ ဝင်ခွင့်မပေးဘဲ ပိတ်ထားသေးတယ်လို့ ပန်းခြံအနီး ပုံမှန်သွားလာနေသူတွေက ပြောပါတယ်။
ကြည့်မြင်တိုင်ကမ်းနားလမ်း နဲ့ အောင်ရတနာလမ်း ထောင့်မှာရှိတဲ့ သခင်မြပန်းခြံအတွင်း ပြီးခဲ့တဲ့ မေလ ၂၅ ရက်က လက်လုပ်ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ အရှည် ရှစ်လက်မခန့်ရှိ PVC ကော်ပိုက်တပ် အဝေးထိန်းဗုံး နှစ်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်တာ မရှိခဲ့သလို အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ရန်ကုန်အခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တွေကတော့ တစုံတရာ ထုတ်ပြန်ခဲ့တာလည်း မရှိပါဘူး။
စစ်ကောင်စီကတော့ သခင်မြပန်းခြံထဲမှာ လျှပ်စစ်ကားတွေ အားသွင်းဖို့အတွက် EV Charing Station (လျှပ်စစ်ဓာတ်အားသွင်းရုံ) ကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က ဖွင့်လှစ်ခဲ့ပါသေးတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီး အခုလို မပိတ်ခင်ကတော့ သခင်မြပန်းခြံအတွင်း လာရောက် အပန်းဖြေအနားယူသူတွေနဲ့ စည်ကားနေလေ့ရှိပါတယ်။
ဒါ့အပြင် သခင်မြပန်းခြံအပြင်ဘက်မှာ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု YBS ယာဥ်လိုင်းတွေထဲက အနည်းဆုံး ယာဥ်လိုင်း ၁၇ လိုင်းရဲ့ ဂိတ်တွေရှိပြီး နေ့စဥ် မနက် ခုနစ်နာရီလောက်ကနေ ညနေ ခြောက်နာရီခွဲလောက်အထိ လမ်းသွားလမ်းလာတွေ၊ စျေးသည်တွေနဲ့ စည်ကားနေလေ့ရှိပါတယ်။
ဓာတ်ပုံ – DNA