ဖျူထိုင်း ဝန်ကြီးချုပ်လောင်းကို ထောက်ခံတော့မှာ မဟုတ်ကြောင်း ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ ကြေညာ

သြဂုတ်၊ ၁၆

နိုင်ငံရေး မဟာမိတ်တွေ အဖြစ်ကနေ လမ်းခွဲလိုက်တဲ့နောက် ဖျူထိုင်းပါတီ (PTP)က လွှတ်တော်မှာ အဆိုတင်မယ့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံတော့မှာ မဟုတ်ကြောင်း ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ Move Forwardပါတီ (MFP)က ကြေညာလိုက်ပါတယ်။

PTPက ​ဝန်ကြီးချုပ်လောင်း တင်မြှောက်ဖို့ ပြင်ဆင်နေတဲ့ အစီအမံတွေဟာ ထိုင်းပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားမပြုဘူးလို့ ယုံကြည်တဲ့အတွက် PTPရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲ မပေးတော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ MFPက ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ PTPဖက်ကတော့ MFPရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း၊ သူတို့ပါတီဟာ နိုင်ငံရေး အစုအဖွဲ့ အားလုံးနဲ့ အတူညှိနှိုင်း အလုပ်လုပ်ဖို့ ဆန္ဒရှိနေဆဲဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

အစောပိုင်းတုန်းက MFPနဲ့ PTPတို့ဟာ ၈ ပါတီ စုစည်းထားတဲ့ နိုင်ငံရေး မဟာမိတ် အဖွဲ့မှာ ပါဝင်ခဲ့ပြီး MFPခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်မှာ အဆိုတင်တဲ့အခါ PTPက ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ခံ မဟုတ်ဘဲ လွှတ်တော်ထဲ ဝင်ထိုင်နေတဲ့ အထက်လွှတ်တော် အမတ်အများစုရဲ့ ကန့်လန့်တိုက်မှုကြောင့် ပီတာဟာ လုံလောက်တဲ့ မဲအရေအတွက်မျိုး မစုဆောင်းနိုင်ခဲ့ဘဲ ထိုင်းဝန်ကြီးချုပ် ဖြစ်ခွင့် မရခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ PTPဟာ MFPရဲ့ ခါးသီးပြိုင်ဘက် ကွန်ဆာဗေးတစ် ပါတီတွေ၊ ပြီးတော့ ထိုင်းအထက်လွှတ်တော် အမတ်တွေနဲ့ ညှိနှိုင်းပြီး အစိုးရဖွဲ့ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြီးတော့ ကွန်ဆာဗေးတစ်တွေရဲ့ တောင်းဆိုမှုကို လက်ခံလိုက်လျောပြီး MFPနဲ့ပါ လက်တွဲဖြုတ်သွားခဲ့ပါတယ်။ အခုဆိုရင် PTPက ​ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုတင်မယ့် ဆရက်သာ သာဗီဆင်ဟာ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုကို အပြည့်အဝရမယ့် အနေအထားမျိုး ရှိလာပါတယ်။

တဖက်မှာတော့ MFPဟာ ရွေးကောက်ပွဲမှာ ပြည်သူ့ထောက်ခံမှု အများဆုံး ရခဲ့တဲ့တိုင် အတိုက်အခံ ပါတီအနေနဲ့ ရပ်တည်ရမယ့် အခြေအနေ ဖြစ်သွားပါတယ်။ ပြီးတော့ MFPက PTPကို မထောက်ခံတော့ဘူးလို့ ကြေညာလိုက်ခြင်းအားဖြင့် ထိုင်းလွှတ်တော် မဲခွဲမှုမှာ ဆရက်သာ အနေနဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ လုံလောက်တဲ့ မဲအရေအတွက် ရမရ မရေမရာ ဖြစ်လာပြန်ပါတယ်။

PTPကတော့ ဩဂုတ် ၁၈ ရက်ကနေ ၂၂ ရက်တာ ကာလအတွင်း ထိုင်းဝန်ကြီးချုပ် အသစ်ကို တရားဝင် တင်မြှောက်နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ ထိုင်းဟာ မေလလယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပ ပြီးစီးခဲ့ပေမယ့် ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်သေးဘဲ အိမ်စောင့် အစိုးရ တာဝန်ယူထားတာ ၅ လလောက် ကြာမြင့်လာပါပြီ။ အခုအခါ MFPက PTPရဲ့ ဝန်ကြီးချုပ်လောင်းကို လွှတ်တော်မှာ ထောက်ခံဖို့ ငြင်းဆန်လိုက်ခြင်းအားဖြင့် အဲဒီ ရှိရင်းစွဲ အခြေအနေက ပိုမို ရှည်ကြာလာနိုင်တယ်လို့လည်း ထိုင်းနိုင်ငံရေး လေ့လာသူတွေက သုံးသပ် ပြောဆိုထားကြပါတယ်။

 

Ref: CNA