သြဂုတ်၊ ၁၅
ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား) ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဖြစ်သူ ဦးတင်မောင်ဝင်း နဲ့ အဖွဲ့ထံ က ကျပ်ငါးဘီလီယံကျော်ကို လိမ်လည်တယ်ဆိုပြီး ကုမ္မဏီ တခု ရဲ့ မန်နေးဂျင်း ဒါရိုက်တာ အမျိုးသမီးတဦးကို ဖမ်းဆီးထားတယ်လို့ တိုင်းစစ်ကောင် စီရုံး နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ ထံကသိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မီးလောင်ပျက်စီးသွားတဲ့ ကန်ကြီးထောင့် မြို့မ စျေးကိုအသစ် ပြန် လည် တည်ဆောက်ခွင့် ရရှိထားတဲ့ ကျော်ဝင့်ထယ် ဆောက်လုပ်ရေး ကုမ္ပဏီ ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်နွေးနွေးကျော် ဆိုသူ က လိမ်လည်တာ လို့ ဆိုပါတယ်။
“ဝန်ကြီး ချုပ် နဲ့ အဲ့အမျိုးသမီး က ဆက်ဆံရေး နီးစပ် တော့ လုပ်ငန်းတွေ လုပ်ဖို့ မတည်ပေးထားတာ။ စစ်ကောင်စီ တက်လာကတည်း အဲ့ကုမ္ပဏီ က တိုင်းအတွင်း မှာ တင်ဒါအောင်တာ အတော်များတယ် ။အ လိမ်ခံ ရတဲ့ ငွေတွေ က ဝန်ကြီးချုပ် နဲ့ နယ်လုံ(လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး) တို့ ငွေတွေ အများဆုံးပဲ။ သူခိုးလက် က သူဝှက် လုတာ ခံ ရတာ” လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တဦးကပြောပါတယ်။
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(OTS) အမှတ်စဉ် ၆၄ ဆင်း ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းဟာလေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ အရန်အင်အားပြောင်းရွှေ့ခံခဲ့ရပါတယ်။
အဲဒီနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းအပြီးမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီမှာပါဝင်လာပြီးနောက် နောက်ပိုင်းမှာ အငြိမ်းစားပေးခံရပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ပြောင်းလဲခန့် အပ်ခံထားရတာပါ။
အဲဒီကျပ်ငါးဘီလီယံကျော်ဟာ လယ်ယာစိုက်ပျိုးရေး နဲ့ အမိုးနီးယား ဓာတ်မြေ ဩဇာရောင်းဝယ် ရေး စီမံကိန်း အတွက် စစ်ကောင်စီ ဝန်ကြီး ၊ နယ်လုံဝန်ကြီး နဲ့ ဒေသခံ ခရိုနီ တချို့တို့ မတည် ရှယ်ယာ ထည့် ဝင်ထားတယ် လို့ သိရပါတယ်။
ကျော်ဝင့်ထယ် ဆောက်လုပ်ရေး ကုမ္မဏီရဲ့ မန်းနေဂျင်း ဒါရိုက်တာ ဒေါ် နွေးနွေးကျော် ဟာ ပြည်ထောင် စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ဧရာဝတီတိုင်း စည်းရုံးရေး အဖွဲ့ဝင်၊ ၂၀၁၀ ပြည့်နှစ်၊ ကန်ကြီးထောင့် မြို့ နယ် ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးကျော်ဝင်း ရဲ့ သမီးဖြစ်ပါတယ်။
“ငွေတွေ လိမ်တာမဟုတ်ပါဘူး လုပ်ငန်းခေါင်းစဉ် လွှဲသုံးထားတာပါ. စီမံချက် အတွက် နောက်ထပ် ကျပ် သိန်းပေါင်း တသိန်းထပ်ထုတ်ဖို့ ပထမ ငွေရင်း ကိုမပြနိုင်တော့ အထင်လွဲပြီး ဖမ်းစစ်နေတာ။ အဲဒါကို ပြည်ခိုင်ဖြိုး ဗဟို ကော်မတီဝင် တဦး က ကြားဝင်ညှိနှိုင်းပေး နေတယ်။ အဆင်တော့ မပြေသေးဘူး” လို့ ဒေါ်နွေးနွေးကျော် မိသားစု နဲ့ နီးစပ်သူ တဦး ကပြောပါတယ်။
ရဲတပ်ဖွဲ့ နဲ့ နီးစပ် တဲ့ သတင်း အရင်းအမြစ်တွေ ကတော့ ဒေါ် နွေးနွေးကျော် ထံ က သိန်း ရှစ်ထောင် ကျော် ပြန်သိမ်း ဆည်းနိုင်ခဲ့ ပေမယ့် ကျန်ငွေတွေကို မရသေးဘဲ သူမရဲ့ မရွေ့ပြောင်း နိုင်တဲ့ ပိုင်ဆိုင်မှု တွေ က လည်း တချို့ကို ရောင်းချထားပြီး အချို့ကို မြန်မာ့စီးပွားဘဏ်မှာ ပေါင် နှံထားတယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေ အနေမှာ ကျော်ဝင့်ထယ် ဆောက်လုပ်ရေး ကုမ္မဏီရဲ့ မန်းနေဂျင်း ဒါရိုက်တာ ဒေါ် နွေးနွေးကျော် ကို ဩဂုတ်လ ပထမ အပတ်အ တွင်း က ဖမ်းဆီး ကာ ချုပ် ရက် ရီမန်ယူပြီး ပုသိမ်မြို့ နယ်မြေ ရဲ စ ခန်း မှာ ချုပ် နှောင် စစ်ဆေး နေဆဲလို့ သိရပါတယ်။