မုံရွာမှာ စစ်ကောင်စီတပ်က ဒေသခံငါးဦးကို ဖမ်းဆီးသွားပြီး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့

သြဂုတ်၊ ၁၅
 
စစ်ကိုင်းတိုင်း၊ မုံရွာ-ပုသိမ် လမ်းမကြီးဘေးက ကျေးရွာတွေထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သြဂုတ်လ ၁၄ ရက် မနေ့ကမနက်မှာ ဝင်ရောက်လာပြီး ဒေသခံ အမျိုးသား ငါးဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
 
“ ကျွန်တော်ကြားတာတော့ ငါးယောက်ပဲ ဖမ်းခံရတယ် ကြားတယ်ဗျ။ ငါးယောက်ကိုမှ ဒုန်းတော(ရွာက) နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တာ။ သုံးယောက်တော့ ကျန်သေးတယ်ဗျ “ လို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့တာဝန်ရှိသူကို စစ်ငြိမ်းက ပြောပါတယ်။
 
မြန်မာဝမ်ပေါင်ကုမ္ပဏီမှာ တပ်စွဲထားတဲ့ အင်အားတရာကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ မနေ့က မနက် ၉ နာရီခန့်မှာ မုံရွာ-ပုသိမ်လမ်းမကြီး ဘေးက ကျေးရွာတွေကို ဝင်ရောက်လာပြီး ဒေသခံ ငါးဦးကို ဓားစားခံလမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
 
အဲဒီလို စစ်ကောင်စီတပ်က ဖမ်းဆီးခံရတဲ့သူတွေဟာ ကံကုန်းရွာက အမျိုးသားသုံးဦးနဲ့ ဒုန်းတောရွာက အမျိုးသားနှစ်ဦးတို့ ဖြစ်ပြီး ဒုန်းတောရွာက အမျိုးသားနှစ်ဦးကိုတော့ မနေ့က ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ လက်ရှိမှာ ကံကုန်းရွာက အမျိုးသားသုံးဦးနဲ့အတူ ဂုဏ်တောကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး မုံရွာ-ပုသိမ် လမ်းမတလျှောက်လည်း ကင်းပုန်းတွေ ချထားတယ်လို့လည်း သိရပါတယ်။
 
အဲဒီစစ်ကြောင်းကြောင့် ဒုန်းတော၊ ဂုဏ်တော၊ ကံကုန်း၊ ရွာသာ၊ ဘိန်းနွယ်ချောင်းနဲ့ အောင်မိုး ကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံထောင်ကျော်စစ်ရှောင်နေတယ်လို့လည်း ကိုစစ်ငြိမ်းက ပြောပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီ မော်တော်သုံးစီးနဲ့ ဖလက်ခွံသုံးစီးဟာ ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိ ကျေးရွာတွေဖက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ဒေသခံစစ်ရှောင်နေပြီး နေအိမ်ပျက်စီးတာတွေ ရှိပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)