ဘုတလင်မှာ စစ်ကောင်စီတပ်က PDF စခန်းနှစ်ခုကို မီးရှို့ဖျက်စီး

သြဂုတ်၊ ၁၅
 
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းနှစ်ခုကို မီးရှို့ခဲ့ပြီး ကျေးရွာထဲက နေအိမ်အချို့ကို ဖျက်ဆီးကာ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ရွာ့အနောက်က တဲတွေက PDF စခန်းတွေဗျ။ အဲ့ဒါတွေကိုရှို့တာ။ PDF စခန်းနှစ်ခု ရှို့ခံရတယ်ဗျ။ PDF တွေစီးတဲ့ ကားတစီးကိုလည်း မီးရှို့သွားတယ်ဗျ “ လို့ ဘုတလင်မြို့နယ်မှာ ရှိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းက မောင်းထောင်ရွာကနေ သခွတ္တရွာကို သြဂုတ်လ ၁၂ ရက်ကစပြီး စစ်ကြောင်းစထိုးကတည်းက ဒေသခံတွေသာမက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေပါ ရှောင်နေတဲ့အတွက် အထိအခိုက် မရှိဘူးလို့ ဆိုပါတယ်။
 
စစ်ကောင်စီ အင်အား တရာကျော်ပါတဲ့ စစ်ကြောင်းဟာ သြဂုတ်လ ၁၃ ရက်မနေ့က သခွတ္တနယ်မှာ ညအိပ်တပ်စွဲပြီးနောက် မနေ့က မနက်မှာ ညောင်ကန်ရွာ ကို စစ်ကြောင်းထိုးလာတုန်းမှာ အဲဒီစခန်းနှစ်ခုကို မီးရှို့ဖျက်စီးခဲ့တာပါ။
 
” ပုံမှန်အတိုင်းပဲ စစ်ကြောင်းထိုးလာတာ။ အဲ့လို အလစ်အငိုက်နဲ့ ဝင်လာတာ မဟုတ်ဘူး ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
အဲဒီစခန်းနှစ်ခုကို မီးရှို့ဖျက်စီးခဲ့ပြီး ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေဟာ ညောင်ကန်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေ အထိအခိုက်မရှိဘူးလို့ အဲဒီဒေသခံက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
” ညောင်ကန်ရွာကို မဝင်ခင် အနောက်မူးဘောင်မှာ ဖြစ်တာ။ ရေပေးတဲ့ မူးဘောင်ဆည်ဘောင်ခေါ်တာလေ ။စစ်သားတွေဖက်က အထိခိုက်အကျဆုံးရှိတယ်။ ဒါပေမယ့် အတိအကျတော့ မသိဘူး။ ကာကွယ်ရေးတပ်တွေဖက်က ကျတာတော့ မရှိဘူး ” လို့ အဲဒီဒေသခံက ဆိုပါတယ်။
 
ဒါ့အပြင် အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ညောင်ကန်ရွာထဲမှာရှိတဲ့ ဒေသခံပိုင်နေအိမ်တချို့ကို ဖျက်ဆီးခဲ့ပြီး အိမ်တွေထဲက သူတို့လိုချင်တဲ့ အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။
 
“ ရွာထဲက နေအိမ်တွေကို ရစရာမရှိအောင် မွှေသွားတာ။ ကျွန်တော်တို့အိမ်ကတော့ ဆန်ရယ်၊ ဆီရယ်၊ ကြက်ဖတကောင်ရယ်ပဲ ယူသွားတယ်ဗျ။ ရွာထဲက အိမ်တွေလည်း ဖျက်ဆီးခဲ့တယ်။ သူလို့လိုချင်တာဆို အကုန်ယူသွားတာ။ ချမ်းသာမယ်ထင်တဲ့ အိမ်တော်တော်များများ ရစရာကို မရှိဘူး “ လို့ ဒေသခံအမျိုးသားက ဆိုပါတယ်။
 
အဲ့ဒီစစ်ကောင်စီတပ်ဟာ ကျေးရွာထဲက ဒေသခံတွေပိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်သွားပြီးနောက် သြဂုတ်လ ၁၅ ဒီနေ့မနက် ၇ နာရီခန့်မှာ ဘုတလင်မြို့မှာ အခြေစိုတ်ထားတဲ့ စစ်ကောင်စီစခန်းကို ပြန်လည်ထွက်ခွာသွားတာကြောင့် ဒေသခံတွေ ရွာထဲပြန်ဝင်နေကြပြီလို့ သိရပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်ကလည်း ဘုတလင်မြို့နယ်၊ သခွတ္တနယ်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်မှာ ဘုတလင် မီးသတ်ဦးစီးဌာနက ဦးစီးမှူးအပါအဝင် ၂၁ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးထိိန်းသိမ်းပြီးနောက် သြဂုတ်လ ၈ ရက်က စပြီး ဒီနေ့ထိ ဘုတလင်နယ်ကို အခုလို စစ်ကြောင်းထိုးနေတာပါ။
 
ဓာတ်ပုံ – CJ