ဆက်တိုက် ပစ်ခတ်နိုင်မယ့် လေဆာရောင်ခြည် လက်နက် တီထွင်မှု ခရီးပေါက်နေတယ်လို့ တရုတ်ဆို

သြဂုတ်၊ ၁၅

မရပ်မနား ဆက်တိုက် ပစ်ခတ်နိုင်တဲ့ လေဆာရောင်ခြည် လက်နက်စနစ်တခု တီထွင်မှုမှာ တိုးတက်မှုတွေ အထင်အရှား ရရှိနေပြီလို့ တရုတ် စစ်ဘက် သိပ္ပံပညာရှင်တွေက ပြောပါတယ်။

လေဆာရောင်ခြည် လက်နက် နည်းပညာ စတင်ပေါ်ထွန်းလာတာ ဆယ်စုနှစ်တွေနဲ့ချီ ရှိနေပြီ ဖြစ်ပေမယ့် လက်တွေ့ အသုံးချနိုင်တဲ့ အဆင့်ရောက်ဖို့တော့ ကန့်သတ်ချက်တွေ အများအပြား ကြုံနေရဆဲပါ။ အဲဒီထဲမှာ အဓိက အကျဆုံး တချက်ကတော့ လက်နက်ကို တကြိမ်ပစ်ပြီးရင် အပူလွန်ကဲလွန်းတာကြောင့် ပြန်အအေးခံဖို့ လိုအပ်တာပါပဲ။ တနည်းအားဖြင့် လေဆာ ရောင်ခြည် လက်နက်တွေဟာ ဆက်တိုက် ပစ်ခတ်လို့ မရပါဘူး။

တကယ်လို့ တရုတ်က ကြွေးကြော်တဲ့အတိုင်း တကယ်သာ အမှန်ဆိုရင်တော့ အနာဂတ် စစ်လက်နက်နည်းပညာ ပြိုင်ဆိုင်မှုမှာ တရုတ်ဟာ ထင်ရှားမြင်သာတဲ့ ခြေလှမ်းတခု အသာစီး ရလာပြီလို့ ပြောနိုင်ပါတယ်။ 

တရုတ် အမျိုးသား ကာကွယ်ရေး နည်းပညာ တက္ကသိုလ်ရဲ့ သုတေသီတွေဟာ စစ်သုံးအဆင့် လေဆာရောင်ခြည် လက်နက်တွေ အပူလွန်ကဲမှုကို လျှော့ချပေးမယ့် အအေးပေး နည်းပညာမျိုးကို ကြိုးစား တီထွင်နေတာလို့ SCMP သတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိ စမ်းသပ် တီထွင်မှုတွေဟာ တိုးတက်ဖြစ်ထွန်းမှု အများအပြား တွေ့မြင်နေရပြီး စွမ်းအင်မြင့် လေဆာလက်နက်တွေရဲ့ ထိရောက် ထက်မြက်မှုကို ပိုမို မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။

အားပြင်းတဲ့ လေဆာရောင်ခြည်တန်းတွေဟာ ပတ်ဝန်းကျင် လေထုထဲက ဓာတ်ငွေ့တွေကို ပူပြင်းစေပြီး ရောင်ခြည်အားကို ထိခိုက်စေတဲ့အပြင် လေဆာအမြောက်တံ အတွင်းပိုင်းတွေကိုပါ ပျက်စီးစေတတ်ပါတယ်။ ဒီပြဿနာကို ကျော်လွှားဖို့ အခြေခံ အကျဆုံး နည်းလမ်းကတော့ စွန့်ပစ် အပူတွေကို ထိထိရောက်ရောက် ဖယ်ရှား စွန့်ထုတ်နိုင်မယ့် စနစ်မျိုး ဖြည့်တင်းပေးခြင်း ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီ ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည် ဖော်ရာမှာတော့ ရှုပ်ထွေးမှုတွေ အများကြီး ရှိနိုင်ပါတယ်။

တရုတ်၊ အမေရိကန်နဲ့ နိုင်ငံတချို့ဟာ လေဆာရောင်ခြည် လက်နက် နည်းပညာကို အပတ်တကုတ် အဆင့်မြှင့် တီထွင်နေပေမယ့် ဘယ်အထိ ခရီးရောက်နေပြီလဲဆိုတဲ့ အချက်အလက်တွေကိုတော့ တိတိကျကျ မထုတ်ပြန်ကြပါဘူး။ သီအိုရီတွေအရ အားကောင်းတဲ့ လေဆာရောင်ခြည်တန်းတွေဟာ တာဝေးပစ်မှတ်တွေကို မလွဲတမ်း တိုက်ခိုက်နိုင်ပြီး သံမဏိသားတွေကိုတော့ အချိန်တိုအတွင်း အရည်ပျော်စေနိုင်မှာ ဖြစ်ပါတယ်။

 

Ref: Insider