ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ခြောက်ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိ

သြဂုတ်၊ ၁၅
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်မှာ ဒီလ ၁၃ ရက် ညနေပိုင်းက မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ရေမဆေးကျောက်ရှာဖွေသူ ခြောက်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိထားတယ်လို့ ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
“ ဒီကနေ့ မနက် ၆ နာရီလောက်မှာ အရုပ်အလောင်းတွေ ပြန်ပေါ်လာတယ်။ စုစုပေါင်း ခြောက်ဦး ရှိပြီပေါ့နော်။ နွံကန်ထဲကပဲ ပြန်ပေါ်လာတာပေါ့နော်။ ပျောက်ဆုံးနေတဲ့ သူတွေလည်း ကျန်နေပါသေးတယ်။ သိပ်တော့ မျှော်လင့်လို့ မရတော့ဘူးပေါ့နော် ” လို့ လူမှုကူညီရေး လုပ်ကိုင်သူတဦးက ဆိုပါတယ်။
 
လက်ရှိ ရုပ်အလောင်း ပြန်ရထားတဲ့ ခြောက်ဦးအနက် လေးဦးမှာ လတ်တလော ပိုင်ရှင်မဲ့ဖြစ်နေပြီး ကျန်နှစ်ဦးမှာ ကိုစိန်သိန်း ဆိုသူနဲ့ ကိုဖြိုးနိုင် ဆိုသူဖြစ်တယ်လို့လည်း သိရပါတယ်။
 
မနမှော်အတွင်းက ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ လုပ်ပိုင်ခွင့်ရထားတဲ့ ကျောက်စိမ်း လုပ်ကွက်ဟောင်းရဲ့မြေစာပုံမှာ ဒီလ ၁၃ ရက်၊ ညနေ ၃ နာရီလောက်မှာ မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦး ပျောက်ဆုံးခဲ့တာပါ။
 
မြေစာပုံ ပြိုကျမှုကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေး မလုပ်နိုင်ပေမယ့် သူတို့ရဲ့မိသားစုဝင်တွေကတော့ ရုပ်အလောင်း ပြန်လည်ရရှိဖို့အတွက် အဲဒီနေရာအနီးမှာ လာရောက်စောင့်ဆိုင်းတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
“ နွံတွေနဲ့ဆိုတော့ ရေငုပ်ရှာတာတွေက မလုပ်နိုင်ဘူးလေ။ စက်ယန္တယားတွေနဲ့ မွေနောက်ရှာဖွေမှ ဖြစ်မှာပေါ့။ အခုက မိုးကလည်း ရွာနေတာဆိုတော့ အန္တရာယ်က အရမ်းများတယ်ဗျ။ အလောင်းတွေ ပေါ်လာမယ့် အချိန်ကိုပဲ စောင့်နေရတာပေါ့ ” လို့ လူမူကူညီရေး လုပ်ကိုင်သူတဦးက ဆိုပါတယ်။
 
ဒါ့အပြင် မြေစာပုံပြိုကျထားတဲ့ နေရာအနီးတဝိုက်မှာ မိုးရွာသွန်းမှုတွေ ရှိနေသေးတဲ့အတွက် ထပ်မံပြီးတော့ မြေပြိုကျနိုင်သေးတဲ့ အနေအထားလည်း ရှိတယ်လို့ သူကဆိုပါတယ်။
 
လက်ရှိ ဖားကန့်ဒေသမှာရှိနေတဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်အားလုံးဟာ ပြီးခဲ့တဲ့ ဒီချူပ်အစိုးရ လက်ထက်ကတည်းက သက်တမ်းကုန်ဆုံးနေပြီး ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ကွက်များအစုက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကို ငွေကြေးပေးပြီး ပြန်လည်လုပ်ကိုင်နေကြတာပါ။
 
အခု မြေပြိုမှု ဖြစ်ပွားခဲ့တဲ့ လုပ်ကွက်ကွက်ဟောင်းကလည်း ကုမ္ပဏီက မိုးတွင်းကာလဖြစ်တဲ့အတွက် ကျောက်တူးဖော်မှုကို ရပ်နားထားချိန် တပိုင်တနိုင် ရေမဆေးကျောက်ရှာဖွေသူတွေက ဝင်ရောက်လုပ်ကိုင်နေတုန်း မြေပြိုကျမှု ကြုံတွေ့ခဲ့ရတာပါ။
 
ဖားကန့်ကျောက်တူးဖော်ရေး လုပ်ကွက်တွေဟာ မိုးတွင်းကာလမှာ အခုလိုပဲ မကြာခဏ မြေစာပုံတွေ ပြိုကျတတ်ပြီး ရေမဆေးကျောက်ရှာဖွေသူတွေလည်း သေဆုံးတာတွေ ပျောက်ဆုံးတာတွေ ဖြစ်တက်ပါတယ်။
 
ဒီလအစောပိုင်းတုန်းကလည်း ဖားကန့်ဒေသ၊ မှော်စီစာကျေးရွာ၊ သာယာကုန်းမှော်ကွက်မှာ ကမ်းပါးပြိုကျမှုကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။
 
ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်း ထုတ်လုပ်ပေးနေတဲ့ ကချင်ပြည်နယ်မှာ မြေစာပုံ ပြိုကျလို့ တနိုင်တပိုင် ရေမဆေးကျောက်ရှာဖွေသူ အပါအဝင် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူ နှစ်စဉ် ရာနဲ့ချီပြီး သေဆုံးနေကြပါတယ်။
 
Global Witness လို့ခေါ်တဲ့ နိုင်ငံတကာသဘာဝသံယံဇာတအရေး စောင့်ကြည့်ရေးအဖွဲ့ ကတော့ မြေစာပုံပြိုကျပြီး သေဆုံးတာဟာ အစိုးရက တာဝန်မဲ့ ကျောက်စိမ်းတူးဖော်တာတွေကို အရေးယူဖို့ ပျက်ကွက်လို့ ဖြစ်တယ်လို့ ၂၀၂၀ ပြည့်နှစ်က ထောက်ပြဖူးပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှာ ဖားကန့်မြို့နယ်၊ ဝေခါကျေးရွာ အနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းက မြေပြိုကျတာကြောင့် လူပေါင်း ၁၇၀ ထက်မနည်း သေဆုံးခဲ့တဲ့ဖြစ်စဉ်အပြီးမှာ Global Witness က ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။
 
ဓာတ်ပုံ – CJ