လက်ခတ်တောင်စခန်းကိုပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီအကျအဆုံး များနေတယ်လို့ KNU ပြော၊ လက်ရှိနှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

သြဂုတ်၊ ၁၅
 
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီအတွက် ဗျူဟာကျတဲ့ လက်ခတ်တောင်ကုန်းကို စစ်ကောင်စီက ပြန်လာရရှိဖို့ ထိုးစစ်ဆင်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေတယ်လို့ ကေအဲန်ယူ−ဗဟိုက ဒီကနေ့ သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
အဲဒီလက်ခတ်တောင်ကုန်းကိုတော့ ကေအဲန်ယူ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ တောင်ကုန်းတခုလုံး သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီက အဲဒီနောက်ပိုင်းမှာ နေ့စဉ်နဲ့အမျှ ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဘက်က လက်နက်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လက်နက်ကြီးသံတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အထိ ကြားနေရတယ်လို့ မဲဆောက်မြို့မှာ နေထိုင်သူတွေက ပြောဆိုကြပါတယ်။
” လက်ခတ်တောင်ကြောကို ပြန်ရဖို့ စခတွေဘက်က လက်နက်အင်အား အလုံးအရင်းနဲ့ ည ၂ နာရီကျော်ကတည်းက ထိုးစစ်ဆင်နေပါတယ်။ လက်နက်ကြီး၊ တင့်ကား၊ ဟောင်ဝစ်ဇာ တိုက်လေယာဉ်ပါမကျန် ထုတ်သုံးတာဖြစ်ပါတယ် ” လို့ Cobra Column-တပ်ခွဲ (၁) က ပြောဆိုထားပါတယ်။
လက်ခတ်တောင်ကို ကေအန်ယူ ပူးပေါင်းတပ်တွေက သိမ်းယူပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ဘက်က နေ့စဉ်နဲ့အမျှ ထိုးစစ်ဆင်မှုတွေကြောင့် စစ်ကောင်စီနဲ့ ကေအဲန်ယူပူးပေါင်းတပ်တွေကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်နဲ့အထက်ရှိခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်း တပ်ဖွဲ့က ၁ ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဆက်သိရပါတယ်။
အဲဒီလို ထိုးစစ်တိုက်ပွဲ ပြင်းထန်နေချိန်မှာပဲ တပ်မ (၄၄) လက်အောက်ခံ တပ်ကြပ် ၁ ဦးနဲ့ တပ်သား ၁ ဦးတို့ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့ဆီကို လက်နက်ခဲယမ်းတွေနဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Cobra Column/Dawn Company – ရောင်နီတပ်ခွဲ